Homeပြည်တွင်းသတင်းအိုက်စလန်က မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးမှ ခရိုနီ ကိုကိုလတ်ကို ရုပ်သိမ်းလိုက်ခြင်းအား Justice For Myanmar ကြိုဆို

အိုက်စလန်က မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးမှ ခရိုနီ ကိုကိုလတ်ကို ရုပ်သိမ်းလိုက်ခြင်းအား Justice For Myanmar ကြိုဆို

၂၉ မေ ၂၀၂၆ | New Day Myanmar

မြန်မာခရိုနီ စီးပွားရေးလုပ်ငန်းရှင် ကိုကိုလတ်ကို အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးမှ ရုပ်သိမ်းလိုက်တာကို ကြိုဆိုကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။

အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုကိုလတ်ဟာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ၁၁ ပတ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မိမိဆန္ဒအလျောက် နုတ်ထွက်စာတင်ခဲ့ကြောင်းနဲ့ မေလ ၁၅ ရက်ကစပြီး ၎င်းရဲ့ ခန့်အပ်မှုကို တရားဝင်ရုပ်သိမ်းလိုက်ကြောင်း JFM ကို အတည်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။

Justice For Myanmar ဟာ ကိုကိုလတ်နဲ့ စစ်အုပ်စုအကြား စီးပွားရေးဆက်နွယ်မှုတွေရှိနေကြောင်း ဖော်ပြထားတဲ့ စာတစ်စောင်ကို မတ်လ ၂၇ ရက်နေ့က အိုက်စလန်နိုင်ငံခြားရေးဝန်ကြီး Þorgerður Katrín Gunnarsdóttir ထံ ပေးပို့ခဲ့ပြီး ကောင်စစ်ဝန်ရာထူးမှ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ယခုလို ရာထူးရုပ်သိမ်းမှု ဖြစ်ပေါ်လာတာဖြစ်တယ်လို့ JFM က ဆိုပါတယ်။

JFM ရဲ့ ပေးစာထဲမှာ ကိုကိုလတ်ဟာ အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ပါဝင်တဲ့ စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာ့သစ်လုပ်ငန်း (MTE) နဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့နဲ့ စီးပွားရေးဆက်ဆံမှုတွေ ရှိနေကြောင်း အသေးစိတ်ဖော်ပြထားပါတယ်။

JFM ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ကိုကိုလတ်ပိုင် K K Business Group ဟာ MEHL ထံမှ Central Hotel ကို ငှားရမ်းလုပ်ကိုင်နေသလို ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ MTE ထံမှ သစ်ဝယ်ယူသူတွေထဲမှာ အကြီးဆုံးဝယ်ယူသူတစ်ဦးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာကို ကျွန်းသစ်တင်ပို့မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

JFM ကတော့ MTE နဲ့ MEHL တို့ဟာ စစ်အုပ်စုရဲ့ အဓိကဝင်ငွေရင်းမြစ်တွေဖြစ်ပြီး အဲဒီဝင်ငွေတွေကို အသုံးပြုကာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့ စွပ်စွဲထားပါတယ်။

ကိုကိုလတ်ကို ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခဲ့တာဟာ မြန်မာပြည်သူတွေ ဆန့်ကျင်တော်လှန်နေတဲ့ စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုတစ်ရပ် ပေးအပ်ရာရောက်စေတယ်လို့ JFM က ထောက်ပြထားပါတယ်။ ကိုကိုလတ်ဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေထံ ကောင်စစ်ဝန်ခန့်အပ်လွှာ ပေးအပ်ခဲ့သူဖြစ်ပါတယ်။

ကိုကိုလတ်ဘက်ကတော့ MTE နဲ့ MEHL တို့နဲ့ စီးပွားရေးဆက်နွယ်မှုမရှိကြောင်း ငြင်းဆိုထားပေမယ့် JFM က ၎င်းရဲ့ ကုမ္ပဏီမှတ်တမ်းတွေ၊ စစ်အုပ်စုဌာနဆိုင်ရာ စာရွက်စာတမ်းတွေ၊ လူမှုကွန်ရက်အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးထားတဲ့ အထောက်အထားတွေက အဆိုပါ ငြင်းဆိုချက်တွေနဲ့ ဆန့်ကျင်နေကြောင်း ပြောဆိုထားပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အိုက်စလန်ရဲ့ ဆုံးဖြတ်ချက်က စစ်အုပ်စုနဲ့ စီးပွားရေးဆက်နွယ်နေတဲ့ ခရိုနီတစ်ဦးကို နိုင်ငံတကာတရားဝင်မှု ပေးအပ်ခဲ့တဲ့ အမှားကို ပြင်ဆင်လိုက်တာဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။

JFM ကတော့ အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေအနေနဲ့ ကိုကိုလတ်၊ K K Business Group နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဆက်လက်တောင်းဆိုထားပါတယ်။

Related News

Most Read