Homeပြည်တွင်းသတင်းရန်ကင်းမြို့နယ် စက်မှု (၁) လမ်းကို ၅ နှစ်အကြာတွင် ပြန်လည်သွားလာခွင့်ပြု

ရန်ကင်းမြို့နယ် စက်မှု (၁) လမ်းကို ၅ နှစ်အကြာတွင် ပြန်လည်သွားလာခွင့်ပြု

၂၉ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ်နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့ စက်မှု (၁) လမ်းကို မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီး ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနေပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လမ်းပိုင်းကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ထားခဲ့တာဖြစ်ပြီး၊ ၅ နှစ်နီးပါးအကြာမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

“လမ်းဖွင့်ပေးလိုက်တော့ မြန်မာပလာဇာဘက်ကို တန်းပေါက်သွားလို့ အဆင်ပြေတာပေါ့ဗျာ။ ခရီးက နီးရမယ့်ဟာကို တကွေ့ကြီး သွားနေကြရတာ။ အခုတော့ အတော်အဆင်ပြေသွားတယ်” လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လမ်းပိတ်အတားအဆီးတွေကို အပြည့်အဝ ဖယ်ရှားပေးလိုက်ပြီဖြစ်တာကြောင့် မြို့တွင်းသွားလာသူတွေ အနေနဲ့ ယခင်လို လမ်းလွှဲသွားစရာမလိုတော့ဘဲ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ပါတယ်။

စက်မှု (၁) လမ်းဟာ ရန်ကင်း၊ မြန်မာပလာဇာနဲ့ ပါရမီလမ်းဘက်ကို ဆက်သွယ်ပေးတဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တာကြောင့် လမ်းပြန်ဖွင့်လိုက်ခြင်းက ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေဖို့ အထောက်အကူဖြစ်နိုင်တယ်လို့ မြို့ခံအချို့က သုံးသပ်နေကြပါတယ်။

ဓာတ်ပုံ – Sai Khin Maung Aye

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး