Homeဆောင်းပါးကလေးတွေအတွက် ဆေးစွမ်းကောင်း

ကလေးတွေအတွက် ဆေးစွမ်းကောင်း

ရေးသူ – လူညိုလှ

ဒီဆောင်းပါးကို ဖတ်မယ့် မိဘဖြစ်သူတွေအနေနဲ့ ကိုယ့်သားသမီးဟာ ပြောမရ ဆိုမရ ကလေး တစ်ယောက်ဖြစ်နေတယ်လို့ ထင်မိပါသလား။ စိတ်မပူပါနဲ့တော့ ဆေးစွမ်းကောင်းတစ်လက် ပေါ်နေပါပြီ။

နေ့တိုင်းတိုက်ကျွေးယုံနဲ့ လိမ္မာတဲ့ ကလေးတစ်ယောက်ဖြစ်လာမယ်လို့လည်း အာမခံပါတယ်။

ဆေးစပ်နည်းကတော့ ရိုးရှင်းပါတယ်။ ကလေးကို မအော်ဖို့၊ မဆူဖို့၊ မရိုက်ဖို့နဲ့ ညင်ညင်သာသာပြောပြီး ကလေးနဲ့ အချိန်တချို့တူတူရှိပေးဖို့ပါပဲ။

၂၀၁၆ တုန်းက အမေရိကန်စိတ်ပညာအသင်း (The American Psychological Association) က ထုတ်တဲ့ Journal of Family Psychology မှာ သုတေသနတစ်ခုကို ဖော်ပြခဲ့ပါတယ်။

ကလေးတွေပျိုးထောင်တာနဲ့ပတ်သက်ပြီး လေ့လာရေးသားနေတဲ့ ပါမောက္ခနှစ် ယောက်ဖြစ်တဲ့ Gershoff နဲ့ Grogan-Kaylor ဆိုတဲ့ အမျိုးသမီးတွေက သုတေသနကို ပြုစုရေးသားခဲ့တာပါ။

အဲဒီသုတေသနကတော့ ကလေးငယ်တွေအပေါ် ရိုက်နှက်ဆုံးမတာက ဘယ်လိုရလဒ်တွေ ထွက်လာသလဲဆိုတဲ့ အကြောင်းဖြစ်ပြီး ပညာရှင်တွေကြားမှာလည်း ဒီသုတေသနဟာ နာမည်ကြီးပါတယ်။

၁၉၆၀ ကနေ ၂၀၁၃ ခုနှစ်အထိ ပြုလုပ်ခဲ့တဲ့ ရိုက်နှက် ဆုံးမတာနဲ့ ပတ်သက်တဲ့ လေလာမှုတွေကို ခွဲခြမ်းစိတ်ဖြာပြီး သုတေသနလုပ်ခဲ့တာဖြစ်ပါတယ်။ ကလေး ပေါင်း ၁၆၀,၀၀၀ ကျော်ပါဝင်ပါတယ်။

အဲဒီသုတေသနရဲ့ တွေ့ရှိချက်တွေကတော့ အင်မတန် ကြောက်စရာကောင်းလှပါတယ်။ တွေ့ရှိချက်တွေက ငယ်ငယ်က ရိုက်နှက်ခံရတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တာ၊ ဦးနှောက်ဖွံ့ဖြိုးမှု ကျဆင်းတာ၊ စိတ်ကျန်းမာရေးပြဿနာဖြစ်နိုင်တာနဲ့ ကလေးအတွက်ထိခိုက်နိုင်မယ့် တခြားအကြောင်းအရာတွေ ဖြစ်ပေါ်စေနိုင်တာပါပဲ။

မြန်မာနိုင်ငံမှာ ငယ်ငယ်တုန်းက ရိုက်နှက်ဆုံးမခံခဲ့ရတဲ့ ကလေးတွေ ကြီးလာတော့ ဘာဖြစ်လာလဲ ဆိုတာက ထင်ရှားတဲ့ သာဓကတွေပါပဲ။ ရိုက်နှက်ခံခဲ့ရတဲ့ ကလေးတွေဟာ စိတ်ဒဏ်ရာတွေ ရတတ်ပြီး ကြီးလာတဲ့အခါမှာလည်း ကိုယ့်သားသမီးကို အဲဒီလို ပြန်ဆုံးမတတ်တာပါပဲ။

နောက်သာဓကတစ်ခုကတော့ စာရေးသူကိုယ်တိုင်မှာလည်း ၂ နှစ်ပြည့်ပြီးခါစ သမီးတစ်ယောက် ရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုက တော်တော်အားရစရာကောင်းပေမဲ့ တစ်ဖက်မှာလည်း ကလေးဟာ ဆိုးတယ်လို့ ပြောရမယ့် အမူအကျင့်တချို့ရှိနေပါတယ်။

အမေဖြစ်သူက မလုပ်နဲ့ဆိုလုပ်တာ၊ စားစရာတွေကို လွှင့်ပစ်တာ၊ လိုချင်တာ မရရင် အော်ဟစ်ငိုယိုတာ၊ စိတ်ကောက်ပြီး တစ်ယောက်ထဲသွားနေ နေတတ်တာ၊ တွေ့သမျှပစ္စည်း ပါးစပ်ထဲထည့်တာနဲ့ တခြားတခြားအချက်တွေ ဖြစ်ပါတယ်။

ရေရှည်မှာ ဘယ်လိုလုပ်ရပါ့မလဲလို့ တွေးမိပြီး ရင်မောရတာကြောင့် ကလေးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို လိုက်လေ့လာကြည့်ရပါတော့တယ်။ အဲဒီမှာ အပေါ်ကပြောတဲ့ ဆေးစွမ်းကောင်းနဲ့တွေ့ပြီး လက်တွေ့ကျင့်သုံးကြည့်ချိန် ၂ ရက်၊ ၃ ရက်အတွင်းကို သိသိသာသာ တိုးတက်လာပါတော့တယ်။

ရလဒ်တွေကတော့ သမီးဟာ သူ့ကိုအော်ဟစ်တတ်တဲ့အမေဖြစ်သူအစား လေအေးအေးနဲ့ပြောတဲ့ အဖေဖြစ်သူကို လိုက်ရှာ တတ်လာပါတယ်။ ‘အာဘွား’မတောင်းလည်း သူ့အလိုလို လာလာ ပေးပါတယ်။ တွေ့ကရာပစ္စည်းတွေ ပါးစပ်ထဲ သိပ်မထည့်တော့ပါဘူး။ အကျိုးနဲ့အကြောင်းနဲ့ ပြောပြရင် “ဟုတ်” ဆိုပြီး ပြန်ပြောလာပါတယ်။

လုပ်နည်းတွေကတော့ လွယ်ပါတယ် သူနဲ့တူတူအချိန်ကုန်ခံပြီး ဆော့ပေးတယ်။ ဒါမလုပ်နဲ့လို့ ဆူပြီး၊ အော်ပြီးမပြောဘဲ သူ့ကိုမျက်လုံးချင်းဆုံပြီး ညင်ညင်သာသာရှင်းပြပါတယ်။ ရေဆော့တတ်တဲ့ ကလေးဖြစ်လို့ ရေချိုးတဲ့အချိန်မှာ ရေကောင်းကောင်းဆော့ခိုင်းပြီး ကျန်တဲ့အချိန်မှာ ရေဆော့တာတွေ့ရင်တော့ ဘာတွေဖြစ်နိုင်လဲဆိုတာ ရှင်းပြပါတယ်။ သူ့အရုပ်တွေ ပုံးထဲကို ပြန်သိမ်းရင် ချီးကျူးပေးပါတယ်။ စကားနားထောင်ရင် ချီးကျူးပေးပါတယ်။ ဒါလေးတွေပါပဲ။

ဒါဟာ သိပ်ခက်တဲ့ ကိစ္စတွေမဟုတ်တဲ့အပြင် ရေရှည်မှာ ကိုယ့်ကလေးဘဝတလျှောက်လုံး အကျိုးရှိမယ့် အရာတွေဖြစ်ပါတယ်။ မိဘတွေကိုယ်တိုင်လည်း အခုအချိန်ကစလို့ ဆူပူ ရိုက်နှက်တတ်တဲ့ အမူအကျင့်တွေ ပြောင်းသင့်နေပါပြီ။

မပြောင်းရင်တော့ ထောင် ၆ လထိကျနိုင်ပါတယ်။ နောက်ပြောနေတာ မဟုတ်ဘဲ တကယ်ထောင် ၆ လ ကျမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ၂၀၁၉ တုန်းကပြဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကြောင့်ပါ။

အဲဒီဥပဒေရဲ့ ပုဒ်မ ၅၆ က ဒီလိုဖော်ပြထားပါတယ်။ “မည်သူမျှ ကလေးသူငယ်အပေါ် တနည်းနည်းဖြင့် နစ်နာဆုံးရှုံးစေသည့် သို့မဟုတ် ထိခိုက် ဒဏ်ရာရစေသည့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကိုဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကိုဖြစ်စေ မပြုလုပ်ရ။” လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

လုပ်ရင် ဘာဖြစ်မလဲဆိုတော့ အဲဒီဥပဒေရဲ့ ပုဒ်မ ၁၀၀ ပုဒ်မခွဲ (က) အရ အနည်းဆုံး တစ်လကနေ အများဆုံးခြောက်လအထိ ထောင်ဒဏ်၊ အနည်းဆုံး ကျပ်တစ်သိန်းကနေ အများဆုံး သုံးသိန်းအထိ ငွေဒဏ် ဒါမှမဟုတ် အဲဒီပြစ်ဒဏ် ၂ ခုလုံး ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ နေပြည်တော်မှာ မုန့်ဟင်းခါးနဲ့ နွားနို့ရောင်းနေသူကြီးရဲ့ လေသံနဲ့ပြောရရင်တော့ မိဘပြည်သူများခင်ဗျာ ထောင် ၆ လပါပေါ့။

ကလေးတွေကို ရိုက်ဆုံးမတဲ့ မြန်မာနိုင်ငံရဲ့ အင်မတန်ဂုဏ်ယူစရာကောင်းတဲ့ ယဉ်ကျေးမှုကြီးကို တော်လှန်နိုင်ဖို့ကတော့ ကိုယ့်မိသားစုထဲမှာ ကိုယ်တိုင်စကျင့်သုံးမှပဲ ရမှာပါ။

အခုဆောင်းပါးရေးသူရဲ့ မိဘတွေနဲ့ ယောက္ခမတွေကိုယ်တိုင် ကလေးတစ်ခုခုလုပ်ရင် လေသံမာမာနဲ့ ပြောပါတယ်။ ပြောမရရင် ရိုက်မယ်လို့ ခြောက်ပါတယ်။ လူကြီးတွေ အဲဒီလို မလုပ်ဖို့အတွက်တော့ တိုက်ယူရပါဦးမယ်။

ကလေးတွေ ကိုယ်နဲ့အချိန်များများအတူရှိနိုင်မယ့် အခွင့်အရေးဟာ အများအားဖြင့် သူတို့ ၅ နှစ်၊ ၆ နှစ် အရွယ်ထိ‌ပဲဖြစ်ပါတယ်။

ကလေးရဲ့ မှတ်ညဏ်ထဲ ဒီအချိန်တွေဟာ သူ့တို့ဘဝရဲ့ အချိုမြိန်ဆုံးအချိန်တွေလို့ ထင်စေချင်လား၊ ဒါမှမဟုတ် အဲဒါရဲ့ ပြောင်းပြန်အဖြစ် မှတ်ယူစေချင်လားဆိုတာကတော့ မိဘတွေအပေါ် မူတည်နေတာပါ။

ကလေးတွေကို မရိုက်ချင်းအားဖြင့် အနာဂတ်ကို ကြိုတင်ပြုပြင်လိုက်ကြပါစို့။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး