၂၇ မေ ၂၀၂၆ | New Day Myanmar
လာအိုနိုင်ငံ အလယ်ပိုင်း၊ ဆိုင်ဆွမ်ဘွမ်းပြည်နယ်ရှိ ရေလွှမ်းနေတဲ့ လှိုင်ဂူတစ်ခုထဲမှာ တစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့တဲ့ ရွာသား ၇ ဦးစလုံးကို အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
အစောပိုင်းမှာ ပိတ်မိနေသူ ၇ ဦးထဲက ၅ ဦးကိုသာ အသက်ရှင်လျက် တွေ့ရှိခဲ့ပြီး ကျန်ရှိနေတဲ့ ၂ ဦးကို ဆက်လက်ရှာဖွေနေခဲ့ရာ ယနေ့မှာတော့ အားလုံးကို ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ ရွာသားတွေဟာ မေ ၁၉ ရက်နေ့က လှိုင်ဂူအတွင်း ရွှေတူးဖော်ဖို့ ဝင်ရောက်သွားချိန်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားကာ လှိုင်ဂူဝင်ပေါက် ပိတ်ဆို့သွားခဲ့တာကြောင့် အတွင်းမှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။
ထိုင်းနဲ့ လာအို ကယ်ဆယ်ရေးသမားတွေ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းအတွင်း ပိတ်မိနေသူတွေကို ရေဝိုင်းနေတဲ့ ကျောက်တုံးမြင့်တစ်ခုပေါ်မှာ စုဝေးနေတဲ့အခြေအနေဖြင့် တွေ့ရှိခဲ့တာဖြစ်ပြီး အားလုံး အသက်ရှင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းကယ်ဆယ်ရေးအဖွဲ့ ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာတော့ ရွာသားတွေဟာ နှဖူးစည်းမီးတွေ ထွန်းထားပြီး ရေမြင့်တက်နေတဲ့ လှိုင်ဂူအတွင်း စောင့်ဆိုင်းနေကြတာကို မြင်တွေ့ရပါတယ်။
အဲဒီ ကယ်ဆယ်ရေးအဖွဲ့ထဲမှာ ၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံ လှိုင်ဂူတစ်ခုအတွင်း ပိတ်မိခဲ့တဲ့ လူငယ်ဘောလုံးအသင်းကို ကယ်ဆယ်ရာမှာ ပါဝင်ခဲ့ဖူးတဲ့ ကျွမ်းကျင်ကယ်ဆယ်ရေးသမားတွေလည်း ပါဝင်ကူညီခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပိတ်မိနေသူတွေကို လှိုင်ဂူအပြင်ဘက်ကို ဘေးကင်းစွာ ပြန်လည်ခေါ်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။


