အာဆီယံရဲ့ ဖိအားနဲ့ ဘုံသဘောတူညီချက်ကို လျစ်လျူရှုပြီး နိုင်ငံတနိုင်ငံချင်းစီနဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်နေတဲ့ မင်းအောင်လှိုင်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာသမ္မတအဖြစ် အသွင်ပြောင်းပြီး အိန္ဒိယ၊ တရုတ်နဲ့ လာအိုနိုင်ငံတွေကို ဆက်တိုက်သွားရောက်ခဲ့တာဟာ ရွေးကောက်ပွဲအပြီး နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးအတွက် နိုင်ငံခြားခရီးထွက်တာသက်သက်ထက် ပိုမိုနက်ရှိုင်းတဲ့ မြန်မာနိုင်ငံနဲ့ ဒေသတွင်းဆိုင်ရာ မဟာဗျူဟာအဓိပ္ပါယ်တွေ ရှိနေပါတယ်။
မြန်မာနိုင်ငံကို အရပ်သားအစိုးရပုံစံ ဟန်ပြပြောင်းလဲဖွဲ့စည်းပြီးနောက် မြန်မာခေါင်းဆောင်က ပထမဆုံးသွားရောက်ဖို့ ရွေးချယ်ခဲ့တဲ့ နိုင်ငံတွေဟာ မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်သလို မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ အများအပြား တိုက်ဆိုင်နေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
နယ်စပ်လုံခြုံရေးဆိုင်ရာ အကျိုးစီးပွား
ပထမဆုံးအချက်က နယ်စပ်လုံခြုံရေးပြဿနာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ ၁,၆၄၃ ကီလိုမီတာ၊ တရုတ်နဲ့ ၂,၁၂၉ ကီလိုမီတာ၊ လာအိုနဲ့ ၂၃၈ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တွေကို မျှဝေထားပါတယ်။ ဒီနယ်စပ်ဒေသတွေမှာ အထူးသဖြင့် လက်နက်ကိုင်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်တဲ့ လုံခြုံရေးပြဿနာတွေ အများအပြား ရှိနေပါတယ်။
အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ နာဂ၊ မေတေးနဲ့ အာသံလွတ်မြောက်ရေး လက်နက်ကိုင်အဖွဲ့တွေထဲမှာ National Socialist of Nagaland၊ United Liberation Front of Asom၊ People’s Liberation Army of Manipur နဲ့ People’s Revolutionary Party of Kangleipak စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။ ဒီအဖွဲ့တွေဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ လှုပ်ရှားနေကြပါတယ်။
မြန်မာစစ်တပ်ကို ဆန့်ကျင်နေတဲ့အဖွဲ့တွေထဲမှာတော့ ချင်းအမျိုးသားတပ်ဦး၊ Chin Brotherhood Alliance နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပါဝင်ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အထူးသဖြင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ လှုပ်ရှားနေကြပါတယ်။
ဒီလက်နက်ကိုင်အဖွဲ့တွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး သွားလာလှုပ်ရှားနေကြတာသာမက အချို့ဖြစ်ရပ်တွေမှာ အပြန်အလှန် ရပ်တည်နိုင်ရေးအတွက်ဖြစ်စေ၊ တဖက်အဖွဲ့ရဲ့ သီးခြားရည်မှန်းချက်တခုခု အောင်မြင်ရေးအတွက်ဖြစ်စေ အချင်းချင်း အကူအညီပေးနေကြတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ဗဟိုအစိုးရတွေဟာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပါတယ်။ ဒါဟာ နှစ်နိုင်ငံလုံးရဲ့ လုံခြုံရေးမဟာဗျူဟာဆိုင်ရာ အကျိုးစီးပွား ဖြစ်ပါတယ်။
တရုတ်နယ်စပ်ဘက်မှာတော့ အိန္ဒိယနယ်စပ်နဲ့ မတူတဲ့ လုံခြုံရေးပြဿနာတမျိုး ရှိနေပါတယ်။ တရုတ်ဟာ ကချင်၊ ကိုးကန့်နဲ့ ဝ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးမှု ရှိနေပါတယ်။
အဲဒီအဖွဲ့တွေထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့ ပါဝင်ပါတယ်။
ဒီအခြေအနေကြောင့် နေပြည်တော်အခြေစိုက် ဗဟိုအစိုးရရဲ့ အုပ်ချုပ်ရေးသြဇာဟာ အဲဒီအဖွဲ့တွေအပေါ် အလွန်အားနည်းနေပြီး ထိရောက်မှုမရှိသလောက် ဖြစ်နေပါတယ်။
ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ်ပိုင်လွတ်လပ်မှု အတော်အသင့်မြင့်မားပြီး မြန်မာဗဟိုအစိုးရနဲ့ သီးခြားဖြစ်တဲ့ ကိုယ်ပိုင်နိုင်ငံရေးနဲ့ စီးပွားရေးစနစ်တွေ ရှိနေကြပါတယ်။ တချိန်တည်းမှာပဲ တရုတ်နဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး သူတို့ရဲ့ စီးပွားရေးအကျိုးစီးပွား တစိတ်တပိုင်းဟာလည်း တရုတ်နဲ့ ချိတ်ဆက်နေပါတယ်။
ဒါကြောင့် မြန်မာဘက်က နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသတွေ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလွန်လိုအပ်နေပါတယ်။
တဖက်မှာလည်း တရုတ်က သူ့ရဲ့ မြန်မာနိုင်ငံအတွင်းနဲ့ နယ်စပ်တလျှောက်က အကျိုးစီးပွားတွေ မထိခိုက်စေရေးအတွက် မြန်မာအစိုးရဘက်က ဒီလက်နက်ကိုင်အဖွဲ့တွေကို အလွန်ပြင်းထန်စွာ မတိုက်ခိုက်ဖို့ ထိန်းချုပ်ထားရပါတယ်။
မြန်မာနဲ့ လာအိုနယ်စပ်ကတော့ အတော်တိုတောင်းပြီး အဓိကပြဿနာတွေဟာ မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုသယ်ယူပို့ဆောင်မှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ရွှေတြိဂံဒေသနဲ့ မဲခေါင်မြစ်ကြောင်းတလျှောက်မှာ ဒီပြဿနာတွေ ဖြစ်ပွားနေပါတယ်။
မကြာသေးခင်ကာလမှာတော့ လူကုန်ကူးဂိုဏ်းတွေက လူတွေကို နယ်စပ်ဖြတ်ကျော် ပို့ဆောင်ပြီး ရှမ်းပြည်နယ်အတွင်းက အွန်လိုင်းလိမ်လည်ရေးစင်တာတချို့မှာ အလုပ်လုပ်ခိုင်းတဲ့ လှုပ်ရှားမှုတွေလည်း တွေ့လာရပါတယ်။
ဒီလို နယ်စပ်ဖြတ်ကျော်ပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာနဲ့ လာအိုတို့ဟာ နှစ်နိုင်ငံအဆင့်နဲ့ နိုင်ငံပေါင်းစုံအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
တရုတ်နဲ့ အိန္ဒိယအကြား ချိတ်ဆက်ရာနေရာဖြစ်နေတဲ့ မြန်မာ
ဒုတိယအချက်က မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားကြောင့် မြန်မာဟာ တရုတ်နဲ့ အိန္ဒိယကို ချိတ်ဆက်ပေးတဲ့ နေရာဖြစ်လာတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မြန်မာဟာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဆီ လမ်းကြောင်းတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။
တရုတ်နဲ့ မြန်မာအကြားမှာ အိန္ဒိယသမုဒ္ဒရာကနေ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေ ချိတ်ဆက်ပေးမယ့် တရုတ်–မြန်မာ စီးပွားရေးစင်္ကြံ ရှိနေပါတယ်။
ဒီလမ်းကြောင်းဟာ ရခိုင်ပြည်နယ်က ကျောက်ဖြူစီမံကိန်းကနေ စတင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းကာ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းအထိ ရောက်ရှိပါတယ်။ အရင်က မလက္ကာရေလက်ကြားကို ဖြတ်သန်းရတဲ့ သယ်ယူပို့ဆောင်ရေးအကွာအဝေးကို အများကြီး လျှော့ချပေးနိုင်ပါတယ်။
တနည်းအားဖြင့် ဒီလမ်းကြောင်းဟာ တရုတ်အတွက် အလွန်အရေးကြီးတဲ့ မဟာဗျူဟာလမ်းကြောင်းတခု ဖြစ်ပါတယ်။
အိန္ဒိယမှာလည်း ဆင်တူတဲ့ စီမံကိန်းတခု ရှိပါတယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဖွင့်လှစ်ခဲ့တဲ့ စစ်တွေဆိပ်ကမ်းစီမံကိန်း ဖြစ်ပါတယ်။
ဒီဆိပ်ကမ်းဟာ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ပင်လယ်ထွက်ပေါက်မရှိတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်းစရာမလိုဘဲ မြန်မာနိုင်ငံက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကတဆင့် ချိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။
ဒါ့အပြင် အိန္ဒိယဟာ ၂၁ ရာစုအစပိုင်းကတည်းက စတင်စီစဉ်ခဲ့တဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကို ကုန်းလမ်းကနေ ချိတ်ဆက်ပေးမယ့် လမ်းမကြီးစီမံကိန်းလည်း ရှိပါတယ်။
ဒီလမ်းကြောင်းဟာ အိန္ဒိယက အရှေ့တောင်အာရှ ကုန်းမကြီးနဲ့ ချိတ်ဆက်ဖို့ ရည်ရွယ်ထားတဲ့ နောက်ထပ်မဟာဗျူဟာမြောက် လမ်းကြောင်းတခု ဖြစ်ပါတယ်။
စီးပွားရေးအကျိုးစီးပွား
တတိယအချက်က စီးပွားရေးဆိုင်ရာ ဘုံအကျိုးစီးပွားတွေ ဖြစ်ပါတယ်။
လက်ရှိမှာ အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ၁၁ ခုမြောက် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူနိုင်ငံဖြစ်ပြီး စီမံကိန်း ၃၉ ခုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၈၂ သန်းခန့် ရင်းနှီးမြှုပ်နှံထားပါတယ်။
အိန္ဒိယခရီးစဉ်အတွင်း မင်းအောင်လှိုင်က ဝန်ကြီးချုပ် နရင်ဒရာမိုဒီနဲ့ တွေ့ဆုံပြီး လက်ရှိ တနှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိတဲ့ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို ပထမအဆင့်မှာ ဒေါ်လာ ၃ ဘီလီယံအထိ တိုးမြှင့်ဖို့နဲ့ နောင်မှာ ဒေါ်လာ ၅ ဘီလီယံအထိ တိုးချဲ့ဖို့ ဆွေးနွေးခဲ့ပါတယ်။
မြန်မာခေါင်းဆောင်ဟာ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေဖို့ သူနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုပါ ခရီးစဉ်မှာ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံအကြား ငွေပေးချေမှုစနစ် အရှိန်မြှင့်တင်ရေး၊ ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံကုန်သွယ်မှုမှာ အိန္ဒိယရူပီးနဲ့ မြန်မာကျပ်ငွေကို တိုက်ရိုက်အသုံးပြုရေးတို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။
တရုတ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ စီးပွားရေးကတော့ အလွန်နီးကပ်စွာ ချိတ်ဆက်နေပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်နေပြီး တရုတ်အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၄ ဘီလီယံခန့် ရှိခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေး မရေရာမှုတွေ ရှိနေတဲ့ကြားက အရင်နှစ်ထက် ၁၉ ဒသမ ၁ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ပထမနှစ်လအတွင်းမှာလည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၃ ဒသမ ၇၃ ဘီလီယံအထိ ရှိခဲ့ပြီး အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၅၀ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။
ကုန်သွယ်ရေးသာမက တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။
တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဆက်သွယ်ရေး၊ အထည်အလိပ်လုပ်ငန်း၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံ စတဲ့ ကဏ္ဍတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။
တရုတ်–မြန်မာ စီးပွားရေးစင်္ကြံအောက်က စီမံကိန်းတွေဟာလည်း နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိကဗဟိုချက် ဖြစ်ပါတယ်။
ဒါကြောင့် မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်ပြီးနောက် ကချင်ပြည်နယ်က မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းလာတာဟာ အံ့အားသင့်စရာ မဟုတ်ပါဘူး။
တရုတ်၊ အိန္ဒိယနဲ့ မြန်မာစစ်တပ်ရဲ့ ဆက်ဆံရေး
စတုတ္ထအချက်က မြန်မာစစ်တပ်ဟာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးနဲ့ ကောင်းမွန်ပြီး နီးကပ်တဲ့ ဆက်ဆံရေးရှိနေတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံလုံးက မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးခိုင်မာစေဖို့ ရေငုပ်သင်္ဘောတွေကိုတောင် ပေးအပ်ခဲ့ကြပါတယ်။
တရုတ်ဟာ မြန်မာစစ်တပ်အတွက် အကြီးဆုံး လက်နက်ပေးသွင်းသူအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။
တရုတ်က တိုက်လေယာဉ်၊ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ သံချပ်ကာယာဉ်၊ စစ်သင်္ဘောနဲ့ ပဲ့ထိန်းလက်နက်တွေကို ပေးသွင်းနေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့ သင်္ဘောကျင်းတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း အဓိကအကူအညီပေးနေပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံက Type-35B Ming အမျိုးအစား ရေငုပ်သင်္ဘောတစီးကို လက်ခံရရှိခဲ့ပြီး လက်ရှိအချိန်အထိ အသုံးပြုနေပါတယ်။
မြန်မာရေတပ်ရဲ့ ဖရီးဂိတ်စစ်သင်္ဘောနဲ့ ကင်းလှည့်သင်္ဘောအများအပြားမှာလည်း တရုတ်နိုင်ငံထုတ် လက်နက်စနစ်နဲ့ အီလက်ထရွန်နစ်စနစ်တွေကို အသုံးပြုထားပါတယ်။
တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်က ပေကျင်းရဲ့ စစ်ရေးမူဝါဒဟာ အတော်ရှုပ်ထွေးနေတာ ဖြစ်ပါတယ်။
တရုတ်ဟာ နိုင်ငံအချင်းချင်းဆက်ဆံရေးအဆင့်မှာ မြန်မာအစိုးရကို ထောက်ခံပေးနေပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းနယ်စပ်တလျှောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဆက်လက်ထားရှိပြီး အဲဒီအဖွဲ့တွေကိုလည်း ပေါ်ပေါ်ထင်ထင် ထောက်ပံ့ပေးနေပါတယ်။
ဒီလိုလုပ်တာဟာ နယ်စပ်တည်ငြိမ်ရေးအပေါ် သက်ရောက်မှုရှိတဲ့ အင်အားစုအားလုံးအပေါ် တရုတ်ရဲ့ သြဇာနဲ့ အကျိုးစီးပွားကို ထိန်းထားဖို့ ဖြစ်ပါတယ်။
တနည်းအားဖြင့် တရုတ်ဟာ ဘက်တဘက်တည်းအပေါ် လောင်းကြေးထပ်ထားတာ မဟုတ်ဘဲ နယ်စပ်တည်ငြိမ်ရေးမှာ အခန်းကဏ္ဍရှိတဲ့ ဘက်အားလုံးအပေါ် သြဇာလွှမ်းမိုးမှု ထိန်းသိမ်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ ချဉ်းကပ်ပုံကတော့ တရုတ်နဲ့ အများကြီး ကွာခြားပါတယ်။
အိန္ဒိယရဲ့ အဓိကရည်မှန်းချက်ဟာ မြန်မာစစ်တပ်အတွက် အကြီးစားလက်နက်ပေးသွင်းသူဖြစ်လာဖို့ မဟုတ်ဘဲ အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့၊ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တွေကို နှိမ်နင်းဖို့နဲ့ စီးပွားရေးချိတ်ဆက်ရေးစီမံကိန်းတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။
အိန္ဒိယဟာ မြန်မာစစ်တပ်သားတွေကို ဆက်လက်လေ့ကျင့်ပေးနေပြီး ထောက်လှမ်းရေးသတင်းအချက်အလက် ဖလှယ်တာ၊ နယ်စပ်တလျှောက် စစ်ဆင်ရေးပူးပေါင်းညှိနှိုင်းတာနဲ့ စစ်ဘက်အဆင့်မြင့် အစည်းအဝေးတွေကိုလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။
မင်းအောင်လှိုင်ရဲ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယအစိုးရရဲ့ ရပ်တည်ချက်အပေါ် အိန္ဒိယပြည်တွင်းမှာ ဝေဖန်မှုတွေ အများအပြားရှိနေပေမယ့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ရပ်တန့်မသွားပါဘူး။
အကြောင်းကတော့ နှစ်နိုင်ငံစလုံးမှာ နယ်စပ်တလျှောက် လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး တူညီတဲ့အကျိုးစီးပွားတွေ ရှိနေလို့ ဖြစ်ပါတယ်။
တရုတ်လိုပဲ အိန္ဒိယကလည်း မြန်မာနိုင်ငံကို ပထမဆုံးရေငုပ်သင်္ဘော ပေးအပ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
အိန္ဒိယဟာ ၂၀၂၀ ခုနှစ်မှာ Kilo အမျိုးအစား INS Sindhuvir ရေငုပ်သင်္ဘောကို မြန်မာစစ်တပ်ဆီ လွှဲပြောင်းပေးခဲ့ပြီး မြန်မာဘက်က UMS Minye Theinkhathu လို့ အမည်ပြောင်းထားပါတယ်။
အိန္ဒိယဟာ မြန်မာရေတပ်သားတွေကို ရေငုပ်သင်္ဘောမောင်းနှင်ရေးနဲ့ စစ်ဆင်ရေးလေ့ကျင့်မှုတွေ ပေးခဲ့သလို ရေငုပ်သင်္ဘောတိုက်ဖျက်ရေး တော်ပီဒိုလက်နက်တွေကိုလည်း ပေးသွင်းခဲ့ဖူးပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အကြီးစားစစ်လက်နက်ပစ္စည်းတွေ ထပ်မံပေးပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေ မတွေ့ရသေးပါဘူး။
လက်ရှိပူးပေါင်းဆောင်ရွက်မှုတွေဟာ လက်နက်ရောင်းချရေးထက် စစ်ဘက်လေ့ကျင့်ရေး၊ နယ်စပ်ပူးပေါင်းညှိနှိုင်းရေး၊ ထောက်လှမ်းရေးသတင်းဖလှယ်ရေးနဲ့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်ဖျက်ရေးအပေါ် ပိုမိုအာရုံစိုက်ထားပါတယ်။
အာဆီယံထက် နိုင်ငံတနိုင်ငံချင်းစီနဲ့ ဆက်ဆံရေးကို ဦးစားပေး
ပဉ္စမအချက်က သံတမန်ရေးရာဖြစ်ပါတယ်။
မင်းအောင်လှိုင်က အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကို ပထမဆုံးသွားရောက်ဖို့ ရွေးချယ်ခဲ့တာဟာ မြန်မာအစိုးရအနေနဲ့ နယ်စပ်လုံခြုံရေး၊ စီးပွားရေးချိတ်ဆက်မှုနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး စတဲ့ မဟာဗျူဟာမြောက် ဘုံအကျိုးစီးပွားရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးခိုင်မာရေးကို ရှင်းရှင်းလင်းလင်း ဦးစားပေးနေတယ်ဆိုတာ ပြသနေပါတယ်။
ဒါဟာ မြန်မာနိုင်ငံကိုယ်တိုင် အဖွဲ့ဝင်ဖြစ်နေတဲ့ ဒေသတွင်းအဖွဲ့အစည်း အာဆီယံနဲ့ ဆက်ဆံရေး ပြန်လည်တိုးတက်အောင် အလျင်အမြန် ကြိုးစားတာထက်တောင် ပိုမိုဦးစားပေးခံနေရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနဲ့ အာဆီယံအကြား ဆက်ဆံရေးဟာ မြန်မာနိုင်ငံရေးအခြေအနေအပေါ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံ အများအပြားက မြန်မာစစ်အစိုးရကို လက်မခံတဲ့ သဘောထားကို ပြတ်ပြတ်သားသား ပြသခဲ့ကြပါတယ်။
အာဆီယံကလည်း မြန်မာအစိုးရအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာဘက်က နိုင်ငံရေးကိုယ်စားလှယ်တွေကို နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေနဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မဖိတ်ကြားဖို့ ဆက်တိုက်ဆုံးဖြတ်ထားပါတယ်။
မင်းအောင်လှိုင်ကတော့ အာဆီယံရဲ့ တောင်းဆိုချက်တွေကို အရေးမထားတဲ့ ရပ်တည်ချက်နဲ့ တုံ့ပြန်ဖို့ ရွေးချယ်ခဲ့ပါတယ်။
အာဆီယံကိုယ်စားလှယ်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးကို ငြင်းပယ်တာဟာလည်း အဲဒီလိုတုံ့ပြန်မှုတွေထဲက တခု ဖြစ်ပါတယ်။
ဒီလိုအခြေအနေအောက်မှာ မြန်မာအစိုးရက ပြည်တွင်းနိုင်ငံရေးအပေါ် သဘောထားမတူညီမှုတွေ ရှိနေရင်တောင် မဟာဗျူဟာမြောက် ဘုံအကျိုးစီးပွားပေါ်အခြေခံပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တွန်းအားပေးနိုင်တဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးခိုင်မာအောင် လုပ်ဖို့ ဦးစားပေးလာတာဟာ အံ့အားသင့်စရာ မဟုတ်ပါဘူး။
လာအိုခရီးစဉ်က ဘာကို ပြသနေလဲ
မင်းအောင်လှိုင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ လာအိုကို ပထမဆုံးသွားရောက်ဖို့ ရွေးချယ်ခဲ့တာဟာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို လုံးဝလျှော့ချချင်တာ မဟုတ်ဘူးဆိုတဲ့ သတင်းစကား ပေးပို့နေပါတယ်။
ဒါပေမဲ့ မြန်မာက အာဆီယံအဖွဲ့အစည်းတခုလုံးနဲ့ ဆက်ဆံရေးကို အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံချင်းစီနဲ့ ဆက်ဆံရေးကနေ ခွဲခြားထားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အဖွဲ့အစည်းအဆင့် ဆက်ဆံရေးဟာ နိုင်ငံရေးစည်းကမ်းချက်တွေကြောင့် ကန့်သတ်ခံနေရပေမယ့် အဖွဲ့ဝင်နိုင်ငံတနိုင်ငံချင်းစီနဲ့ နှစ်နိုင်ငံဆက်ဆံရေးကတော့ နိုင်ငံတနိုင်ငံချင်းစီရဲ့ အကျိုးစီးပွားနဲ့ ရပ်တည်ချက်ပေါ် မူတည်ပြီး ဆက်လက်သွားနိုင်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဟာ နေပြည်တော်အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ အသင့်ရှိတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တည်ဆောက်ပြီး ချဲ့ထွင်နိုင်ပါတယ်။
ဒီအခြေအနေအားလုံးက အာဆီယံအနေနဲ့ ပြီးခဲ့တဲ့ နှစ်အတော်ကြာအတွင်း မြန်မာနိုင်ငံအပေါ် အသုံးပြုခဲ့တဲ့ ချဉ်းကပ်မှုရဲ့ ကန့်သတ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီဆိုတာ ပြသနေပါတယ်။
အာဆီယံရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံက အိမ်နီးချင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကတဆင့် သူ့ရဲ့ သံတမန်ရေးလှုပ်ရှားနိုင်တဲ့ နေရာကို ပိုမိုချဲ့ထွင်လာနိုင်နေတာ ဖြစ်ပါတယ်။
ပိုအရေးကြီးတာက မင်းအောင်လှိုင်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တနိုင်ငံချင်းစီ ခွဲခြားပြီး ဆက်ဆံရေး တဖြည်းဖြည်း တည်ဆောက်ခိုင်မာလာနိုင်မယ်ဆိုရင် အာဆီယံအဖွဲ့အစည်းအနေနဲ့ မြန်မာ့အရေးအပေါ် စည်းလုံးညီညွတ်မှုနဲ့ ဘုံသဘောတူညီချက်တရပ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဦးမှာလားဆိုတဲ့ မေးခွန်း ပေါ်ပေါက်လာပါတယ်။
Thairath မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။


