၅ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ တွံတေးတူးမြောင်း ရေမိုင် ၂၀ အနီးမှာ ဇူလိုင် ၄ ရက် ညပိုင်းက သင်္ဘောနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး သင်္ဘောတစီး နစ်မြုပ်သွားကာ ရေလုပ်သားတဦး ပျောက်ဆုံးနေတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ဟာ ည ၉ နာရီ ၃၆ မိနစ်ဝန်းကျင်မှာ “ဇော်မြင့်မြတ် (၁)” သစ်သားခွံသင်္ဘောနဲ့ ဆန်တင်လာတဲ့ သံခွံသင်္ဘောတစီး မျက်နှာချင်းဆိုင်တိုက်မိရာကနေ ဖြစ်ပွားခဲ့တာပါ။
သင်္ဘောနှစ်စီးတိုက်မိမှုကြောင့် ဇော်မြင့်မြတ် (၁) သင်္ဘောဟာ ပျက်စီးပြီး ရေထဲနစ်မြုပ်သွားခဲ့ပါတယ်။
ဇော်မြင့်မြတ် (၁) သင်္ဘောပေါ်မှာ ရေလုပ်သားအမျိုးသား ၉ ဦး၊ အမျိုးသားခရီးသည် ၈ ဦးနဲ့ အမျိုးသမီးခရီးသည် ၁၅ ဦး စုစုပေါင်း ၃၂ ဦး လိုက်ပါလာခဲ့ပါတယ်။
အဲဒီအထဲက လူ ၃၁ ဦးဟာ ဘေးလွတ်ရာကို ရောက်ရှိခဲ့ပေမယ့် ရေလုပ်သားအမျိုးသားတဦးကတော့ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
“လောလောဆယ် ပျောက်နေတဲ့သူကို ရှာနေတုန်းလို့ ကြားတယ်။ ရေစီးသန်နေတော့ ရှာဖွေရေးမှာ အခက်အခဲရှိနေတယ်” လို့ ဒေသခံတဦးက New Day Myanmar ကို ပြောပါတယ်။
ဖြစ်စဉ်သတင်းရရှိပြီးနောက် တွံတေးမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်တစီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စေလွှတ်ခဲ့ပါတယ်။
ရန်ကုန်မြစ်နဲ့ တွံတေးတူးမြောင်းအတွင်း စက်လှေ၊ သမ္ဗန်နဲ့ ခရီးသည်တင်ရေယာဉ်တွေ တိုက်မိတာ၊ တိမ်းမှောက်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မကြာသေးခင်နှစ်တွေအတွင်းလည်း ရေယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေ ရှိခဲ့ပါတယ်။


