၅ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်း-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ ချင်းမိုင်ခရိုင်၊ ဝိန်းဟဲန်မြို့နယ်ကနေ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၅ ဒသမ ၂ သန်းကို မယ်တန်းမြို့နယ်မှာ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ဖာမောင်းတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးသယ်ယူရာမှာ ရှေ့ပြေးလမ်းကြောင်းရှင်းပေးသူတဦးကို ဖမ်းဆီးရမိခဲ့ပေမယ့် ပစ်ကပ်ကားမောင်းသူနဲ့ တခြားဆက်စပ်သူတွေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတွေကို ထိုင်း-မြန်မာနယ်စပ်အနီး ဝိန်းဟဲန်မြို့နယ်ကနေ ချင်းဒေါင်းမြို့နယ်၊ မောင်းခေါင်ကျေးရွာလမ်းကြောင်းအတိုင်း သယ်ဆောင်လာပြီး မယ်တန်းမြို့နယ်မှာ ခေတ္တသိုလှောင်ကာ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဆက်လက်ပို့ဆောင်ဖို့ စီစဉ်ထားတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာမယ်ဆိုတဲ့ သတင်းအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် ၃၃၅ နဲ့ ဖာမောင်းတပ်ဖွဲ့တို့က ကြိုတင်စောင့်ကြည့်ခဲ့တာပါ။
ဇူလိုင် ၄ ရက် မနက် ၄ နာရီခွဲဝန်းကျင်မှာ မယ်တန်းမြို့နယ်၊ ပေါင်ဆန်ထောင်းကျေးရွာလမ်းပေါ်မှာ သတင်းပေးထားချက်နဲ့ ကိုက်ညီတဲ့ အနက်ရောင် လေးတံခါးပစ်ကပ်ကားကို တွေ့ရှိခဲ့တာကြောင့် တာဝန်ရှိသူတွေက နောက်ကနေ လိုက်လံခဲ့ပါတယ်။
ကားမောင်းသူဟာ လိုက်လံဖမ်းဆီးနေတာကို သိရှိသွားပြီး ကျေးရွာလမ်းပေါ်မှာ ကားကိုထားခဲ့ကာ ထွက်ပြေးသွားခဲ့ပါတယ်။ တာဝန်ရှိသူတွေက အနီးတဝိုက်ကို ရှာဖွေရာ မူးယစ်ဆေးသယ်တဲ့ကားအတွက် လမ်းကြောင်းရှင်းပေးသူတဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ကားနောက်ခန်းနဲ့ ကားအတွင်းပိုင်းကို စစ်ဆေးရာ အနက်ရောင်ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အိတ် ၂၃ အိတ်ကို တွေ့ရှိခဲ့ပြီး အတွင်းမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၅ ဒသမ ၂ သန်း ထည့်သွင်းထားတာ တွေ့ရှိခဲ့ပါတယ်။
အိတ် ၂၁ အိတ်မှာ “999” တံဆိပ်ပါ စိတ်ကြွဆေးပြား ၂၂၆,၀၀၀ စီ၊ နောက်ထပ် “999” တံဆိပ်ပါ အိတ်တအိတ်မှာ စိတ်ကြွဆေးပြား ၂၅၄,၀၀၀ နဲ့ “Y-1” တံဆိပ်ပါ အိတ်တအိတ်မှာ စိတ်ကြွဆေးပြား ၂၀၀,၀၀၀ ပါဝင်ခဲ့ပါတယ်။
ဖမ်းဆီးခံရသူက မူးယစ်ဆေးသယ်လာတဲ့ကား ရဲစစ်ဆေးရေးဂိတ်တွေကို ရှောင်ရှားနိုင်ဖို့ ဝိန်းဟဲန်ဘက်ကနေ မယ်တန်းမြို့နယ်အထိ ဆိုင်ကယ်နဲ့ ရှေ့ပြေးသွားပြီး လမ်းကြောင်းရှင်းပေးရတာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။ ဒီအလုပ်အတွက် ထိုင်းဘတ် ၅,၀၀၀ ရရှိဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူ၊ ပစ်ကပ်ကား၊ ဆိုင်ကယ်နဲ့ စိတ်ကြွဆေးပြားတွေကို ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒေသ ၃ ဌာနချုပ်မှာ ထိန်းသိမ်းထားပြီး ထွက်ပြေးလွတ်မြောက်နေသူတွေနဲ့ မူးယစ်ဆေးဝါးကွင်းဆက်တခုလုံးကို ဆက်လက်စုံစမ်းနေပါတယ်။


