Homeအထူးသတင်းချင်းမိုင်တောမီးကြားက အသက်ရှင်လွတ်မြောက် လာတဲ့ မြေခွေးလေး ၃ ကောင်

ချင်းမိုင်တောမီးကြားက အသက်ရှင်လွတ်မြောက် လာတဲ့ မြေခွေးလေး ၃ ကောင်

၃၁ မတ် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ချဲစန်အမျိုးသားဥယျာဉ် မှာ ဖြစ်ပွားခဲ့တဲ့ တောမီးကြောင့် သစ်တောဧရိယာ ၃၀ ရိုင်ခန့် ပျက်စီးခဲ့ပြီး မြေခွေးကလေး ၃ ကောင် သေဆုံးမှုနီးပါးအခြေအနေကနေ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

မီးသတ်သမားတွေက မီးလောင်ပြီး မီးအပူမကျသေးတဲ့ ပြာတွေကြားမှာ အားလျော့နွမ်းနေပြီး ကြောက်ရွံ့တုန်လှုပ်နေတဲ့ မြေခွေးကလေးတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ မိခင်ကိုတော့ လက်ရှိအချိန်ထိ မတွေ့ရှိရသေးဘူးလို့ ဆိုပါတယ်။

တောမီးဟာ ခြောက်သွေ့ပြီး တောင်ပေါ်ဒေသမှာ လောင်ကျွမ်းခဲ့တာကြောင့် မီးလောင်မှု များပြားခဲ့ပြီး မနက် ၉ နာရီ ၄၀ မိနစ်ကနေ ညနေ ၅ နာရီအထိ ၈ နာရီကျော်ကြာမှသာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက်ရှင်ရက်တွေ့ခဲ့တဲ့ မြေခွေးကလေး ၃ ကောင်ကို လုံခြုံရာနေရာကို ချက်ချင်း ရွှေ့ပြောင်းထားပြီး သူတို့ရဲ့ မိခင် ပြန်လာနိုင်မယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။

တာဝန်ရှိသူတွေကတော့ ယခုလို အသက်ရှင်လွတ်မြောက်တဲ့ တိရစ္ဆာန်တွေရှိပေမယ့် လူသားတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ပွားတဲ့ တောမီးတွေကြားမှာ တိရစ္ဆာန်အများအပြား သေဆုံးနေရတယ်လို့ သတိပေးထားပါတယ်။

“သစ်တောတွေဟာ သစ်ပင်တွေပဲ မဟုတ်ပါဘူး၊ စကားမပြောနိုင်တဲ့ သက်ရှိတွေရဲ့အိမ်ပါ” လို့ မီးသတ်သမားတစ်ဦးက ပြောပါတယ်။

ဓါတ်ပုံ – Thai Enquirer

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး