၁ ဧပြီ ၂၀၂၆ | New Day Myanmar
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က အီရန်နိုင်ငံ နဲ့ပတ်သက်ပြီး အမေရိကန်စစ်တပ် လှုပ်ရှားမှုတွေကို မကြာမီ အဆုံးသတ်သွားမယ်လို့ ပြောကြားပြီး နှစ်ပတ်မှ သုံးပတ်အတွင်း တပ်တွေ ထွက်ခွာနိုင်ကြောင်း ဧပြီ ၁ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ် ထရမ့်က အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို အမေရိကန်ဘက်က အများအပြား ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်တယ် လို့ ပြောပြီး လက်ရှိမှာလည်း ဆက်ပြီး ဖျက်စီးနေတယ်လို့ ဆိုပါတယ်။ နှစ်ပတ်ခန့် သို့မဟုတ် အနည်းငယ်ပိုကြာနိုင်ပြီး အားလုံးကို ဖျက်ဆီးမယ် လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။
အရင်ကလည်း စစ်ရေးရည်မှန်းချက်တွေ၊ အချိန်ကာလတွေအပေါ် မရှင်းလင်းတဲ့ ပြောဆိုချက်တွေ ထုတ်ပြန်ခဲ့သလို ယခုတစ်ကြိမ်မှာလည်း အချိန်ကာလနဲ့ ရည်ရွယ်ချက်တွေအပေါ် တည်တည်ငြိမ်ငြိမ်မပြောနိုင်တဲ့ သဘောထားတွေ ဆက်လက်တွေ့ရပါတယ်။
ဆီဈေးနှုန်းကျဆင်းစေရေးနဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းရာမှာ ဒေါ်နယ် ထရမ့်က အီရန်မှ ထွက်ခွာဖို့ပဲလိုတယ်၊ မကြာမီ ထွက်ခွာမယ် လို့ ပြန်လည်ဖြေကြားခဲ့ပြီး ထွက်ခွာပြီးပါက ဆီဈေးတွေ မြန်မြန်ကျဆင်းလာမယ် လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ထားနိုင်ရေးတာဝန်ဟာ အဆိုပါ ရေကြောင်းကို အသုံးပြုနေတဲ့ နိုင်ငံတွေရဲ့ တာဝန်ဖြစ်တယ်လို့ ပြောကြားပြီး အမေရိကန်နဲ့ မဆိုင်ဘူး လို့လည်း သူကပြောပါတယ်။


