Homeပြည်တွင်းသတင်းတရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြပွဲမှာ အင်အားအနည်းဆုံးသာ အသုံးပြုခဲ့တယ်လို့ ချင်းမိုင်ရဲတပ်ဖွဲ့ပြော၊ ဆန္ဒပြသူ အနည်းဆုံ ၂ ဦး ဒဏ်ရာရ

တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြပွဲမှာ အင်အားအနည်းဆုံးသာ အသုံးပြုခဲ့တယ်လို့ ချင်းမိုင်ရဲတပ်ဖွဲ့ပြော၊ ဆန္ဒပြသူ အနည်းဆုံ ၂ ဦး ဒဏ်ရာရ

၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့မှာ ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တွေဟာ ဥပဒေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လူစုလူဝေးထိန်းသိမ်းရေးနည်းလမ်းတွေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဆန္ဒပြသူတွေကို အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့က ရှင်းလင်းလိုက်ပါတယ်။

ကော့၊ စိုင်၊ ရွက်နဲ့ မဲခေါင်မြစ် ကာကွယ်ရေးပြည်သူ့ကွန်ရက်က မြန်မာနိုင်ငံအတွင်းက သတ္တုတွင်းလုပ်ငန်းတွေကြောင့် ထိုင်းမြောက်ပိုင်းမြစ်တွေ ညစ်ညမ်းနေတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ တရုတ်အစိုးရထံ တောင်းဆိုစာပေးပို့ရန် ဆန္ဒပြပွဲပြုလုပ်ခဲ့တာပါ။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒပြပွဲမတိုင်ခင် စီစဉ်သူတွေနဲ့ ကြိုတင်ညှိနှိုင်းခဲ့ပြီး တရုတ်ကောင်စစ်ဝန်ရုံးနဲ့ မျက်နှာချင်းဆိုင်ဘက်ရှိ Siam TV ကုမ္ပဏီရှေ့မှာ လူစုဝေးဖို့ နေရာသတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။

တရုတ်ကောင်စစ်ဝန်ရုံးအနီး နေရာတချို့ဟာ ထိုင်းနိုင်ငံရဲ့ အများပြည်သူစုဝေးမှုဥပဒေအရ ဆန္ဒပြခွင့်ကန့်သတ်ထားတဲ့ နေရာဖြစ်တာကြောင့် ကောင်စစ်ဝန်ရုံးရှေ့အထိ မသွားဖို့ ကြိုတင်အသိပေးထားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ ဆန္ဒပြပွဲအတွင်း ပါဝင်သူတချို့က တောင်းဆိုစာပေးအပ်ဖို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ကို သွားရောက်ဖို့ ကြိုးစားခဲ့ရာ ရဲတပ်ဖွဲ့က ကန့်သတ်နယ်မြေအတွင်း မဝင်ရောက်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

သတိပေးချက်ကို မလိုက်နာဘဲ ရှေ့ဆက်သွားဖို့ ကြိုးစားတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက လူတန်းစီပြီး လုံခြုံရေးအတားအဆီးကို ဖြတ်ကျော်မသွားနိုင်အောင် လိုအပ်သလောက် အင်အားအသုံးပြုတားဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ရှင်းလင်းပါတယ်။

အဲဒီလို တွန်းထိုးတားဆီးမှုအတွင်း ဆန္ဒပြသူတဦး ဟန်ချက်ပျက်လဲကျပြီး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ချက်ချင်းအကူအညီပေးပြီး လူနာတင်ယာဉ် ခေါ်ယူကာ ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဆန္ဒပြပွဲကို မှတ်တမ်းတင်ထားတဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေနဲ့ ဆန္ဒပြသူတွေဘက်ကတော့ ရဲတပ်ဖွဲ့နဲ့ တွန်းထိုးရုန်းကန်မှုအတွင်း လူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒဏ်ရာရသူတွေထဲက တဦးမှာ လက်မောင်းဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ဟာ အများပြည်သူတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရင်း ဆန္ဒပြသူတွေ၊ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေနဲ့ သက်ဆိုင်သူအားလုံးရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဘက်ကတော့ တောင်းဆိုစာပေးအပ်ဖို့ သွားရောက်တာကို ရဲတပ်ဖွဲ့က အင်အားအသုံးပြုတားဆီးခဲ့တာဟာ လိုအပ်တာထက် ကျော်လွန်တယ်လို့ ဝေဖန်ထားပါတယ်။ ဆန္ဒပြပွဲကျင်းပဖို့ စီစဉ်သူတွေက သက်ဆိုင်ရာရဲစခန်းကို ကြိုတင်အကြောင်းကြားစာ တင်ပြထားပြီး ရဲတပ်ဖွဲ့ဘက်ကလည်း တုံ့ပြန်စာပေးပို့ခဲ့တာ တွေ့ရပါတယ်။

လက်ရှိအချိန်အထိ ဒဏ်ရာရသူအရေအတွက်နဲ့ ဒဏ်ရာအခြေအနေကို ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေဘက်က ထုတ်ပြန်ချက်တွေမှာ ကွဲလွဲနေပြီး သီးခြားဆေးဘက်ဆိုင်ရာ အတည်ပြုချက် မထွက်ပေါ်သေးပါဘူး။

Related News

Most Read