ဩဂုတ် ၁၅၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ကော့မြစ်နဲ့ စိုင်းမြစ်အထက်ပိုင်းမှာ သတ္တုတွင်းလုပ်ငန်းတွေ ဆက်လက်တိုးချဲ့နေပြီး ထိုင်းနိုင်ငံဘက် စီးဝင်တဲ့ မြစ်တွေမှာ အဆိပ်သင့်သတ္တုညစ်ညမ်းမှုတွေ တွေ့ရှိနေရတာကြောင့် အဲဒီသတ္တုတွင်းတွေဟာ တရုတ်ကုမ္ပဏီတွေနဲ့ ဆက်စပ်မှုရှိ၊ မရှိ အမြန်စစ်ဆေးဖို့ ထိုင်းနိုင်ငံရေးသမားတွေနဲ့ လွှတ်တော်ကော်မတီဝင်တွေက တောင်းဆိုလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းအောက်လွှတ်တော် ဥပဒေ၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကော်မတီ အကြံပေး ပန်နီကာ ဝါနစ် က ဩဂုတ် ၁၄ ရက်မှာ ပြောရာမှာ လက်ရှိအရေးကြီးဆုံးက သတ္တုတွင်းတွေ ဘယ်သူပိုင်ဆိုင်သလဲနဲ့ တရုတ်ပုဂ္ဂလိကကုမ္ပဏီ ဒါမှမဟုတ် တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ ဆက်စပ်မှုရှိ၊ မရှိ သက်သေပြနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်အစိုးရက အရင်က ဒီသတ္တုတွင်းတွေနဲ့ တရုတ်ဘက် ဆက်စပ်တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ ငြင်းဆိုထားပြီး ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံအကြား ဖြေရှင်းရမယ့်ကိစ္စလို့ သဘောထားခဲ့တာကြောင့် တရုတ်ကုမ္ပဏီတွေနဲ့ တိုက်ရိုက်ဆက်စပ်မှုကို သက်သေပြနိုင်ရင် ထိုင်းအစိုးရအနေနဲ့ တရုတ်နဲ့ ဆွေးနွေးရာမှာ ပိုမိုရှင်းလင်းတဲ့ လမ်းကြောင်းရလာမယ်လို့ ပန်နီကာက ဆိုပါတယ်။
အထူးသဖြင့် တရုတ်ကုမ္ပဏီတွေ ပြည်ပမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့နဲ့ သက်ဆိုင်ရာဥပဒေတွေကို လိုက်နာဖို့ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတာကြောင့် ထိုင်းဘက်က တရုတ်ကုမ္ပဏီတွေကို တရုတ်ရဲ့ ကိုယ်ပိုင်စည်းမျဉ်းဥပဒေတွေ လိုက်နာဖို့ တောင်းဆိုနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့် သတ္တုတွင်းတချို့ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသအတွင်းက လုပ်ငန်းတွေအဖြစ် ပြောင်းလဲထားတာ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်အလက်တွေလည်း ရှိနေပြီး တကယ်လို့ ဝဘက်က တိုက်ရိုက်ထိန်းချုပ်ထားတာဆိုရင် ညှိနှိုင်းဖြေရှင်းရတာ ပိုခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။
UWSA ဟာ တရုတ်နဲ့ စီးပွားရေး၊ စစ်ရေးအရ နီးကပ်တဲ့ ဆက်ဆံရေးရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်ပါတယ်။
ပန်နီကာက သတ္တုတွင်းအားလုံးကို ပိတ်ပစ်ဖို့ တောင်းဆိုတာ မဟုတ်ဘဲ အဆိပ်သင့်ဓာတုပစ္စည်း၊ သတ္တုတွင်းစွန့်ပစ်ပစ္စည်းနဲ့ စွန့်ပစ်ရေကန်တွေကို စနစ်တကျ စီမံခန့်ခွဲပြီး မိုးရေနဲ့အတူ မြစ်ချောင်းထဲ မစီးဝင်အောင် တာဝန်ယူမှုရှိတဲ့ သတ္တုတူးဖော်ရေးစနစ် ဖြစ်လာဖို့ ဖိအားပေးသင့်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ပြောဆိုချက်အရ ပြီးခဲ့တဲ့ ၆ နှစ်က ၇ နှစ်အတွင်း မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ပို့ခဲ့တဲ့ မြေရှားသတ္တုတန်ဖိုးဟာ ထိုင်းဘတ် ၁၆၀ ဘီလီယံခန့် ရှိတာကြောင့် သတ္တုကုန်သွယ်ရေးဟာ အလွန်ကြီးမားတဲ့ စီးပွားရေးအကျိုးစီးပွားတစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။
ပန်နီကာက ထိုင်းအစိုးရအနေနဲ့ တရုတ်နဲ့ ဆွေးနွေးရာမှာ အဓိက အချက် ၃ ချက်ကို အသုံးပြုသင့်တယ်လို့ အကြံပြုထားပါတယ်။ ပထမအချက်က ပြည်ပမှာ သတ္တုတူးဖော်နေတဲ့ တရုတ်ကုမ္ပဏီနဲ့ အစိုးရပိုင်လုပ်ငန်းတွေကို တရုတ်ရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းတွေ တင်းတင်းကျပ်ကျပ် လိုက်နာခိုင်းဖို့ ဖြစ်ပါတယ်။
ဒုတိယအချက်က မြစ်ရေညစ်ညမ်းမှုဟာ ထိုင်းပြည်သူတွေအပြင် ထိုင်းမှာ နေထိုင်၊ စီးပွားရေးလုပ်ကိုင် ဒါမှမဟုတ် ခရီးသွားလာတဲ့ တရုတ်နိုင်ငံသားတွေအပေါ်ပါ သက်ရောက်နိုင်တာကြောင့် ထိုင်းနဲ့ တရုတ် နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေတယ်ဆိုတာကို ရှင်းပြဖို့ ဖြစ်ပါတယ်။
တတိယအချက်က တာဝန်ယူမှုမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေသတွင်း တရုတ်ဆန့်ကျင်ရေးသဘောထား မြင့်တက်မလာအောင် တရုတ်နိုင်ငံရဲ့ နိုင်ငံတကာပုံရိပ်နဲ့ ဂုဏ်သိက္ခာကိုပါ ထည့်သွင်းစဉ်းစားဖို့ ဖြစ်ပါတယ်။
တစ်ဖက်မှာ ထိုင်းအထက်လွှတ်တော် နိုင်ငံရေးဖွံ့ဖြိုးမှု၊ ပြည်သူ့ပါဝင်မှု၊ လူ့အခွင့်အရေးနဲ့ စားသုံးသူကာကွယ်ရေးကော်မတီဥက္ကဋ္ဌ နိုရဆက် ပရာချာကွန်း က ဩဂုတ် ၂၄ ရက်မှာ စက်မှုဝန်ကြီးနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက မြေရှားနဲ့ အရေးကြီးသတ္တုတွေ ထိုင်းနိုင်ငံကို ဖြတ်သန်းတင်သွင်းတဲ့အခါ မူရင်းထုတ်လုပ်ရာနေရာကို ပြန်လည်စစ်ဆေးနိုင်မယ့် စနစ်ထားရှိရေး ဆွေးနွေးမယ်လို့ ပြောပါတယ်။
သူက သတ္တုတင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ သတ္တုဟာ နယ်စပ်ဖြတ်ကျော်ညစ်ညမ်းမှု ဖြစ်စေတဲ့ သတ္တုတွင်း ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖောက်မှုရှိတဲ့ သတ္တုတွင်းက မဟုတ်ကြောင်း သက်သေပြနိုင်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သတ္တုထွက်ရှိရာနေရာကနေ နောက်ဆုံးအသုံးပြုတဲ့ စက်မှုလုပ်ငန်းအထိ ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို ခြေရာခံစစ်ဆေးနိုင်ဖို့ လိုတယ်လို့ တောင်းဆိုထားပါတယ်။
မြန်မာအစိုးရက ဝဒေသကို မထိန်းချုပ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီပြဿနာကို မဖြေရှင်းဘဲ မထားသင့်ဘူးလို့လည်း နိုရဆက်က ပြောပါတယ်။ လိုအပ်ရင် ထိုင်းဘက်က ဝဒေသကို တိုက်ရိုက်ဆက်သွယ်ဆွေးနွေးနိုင်မယ့် လမ်းကြောင်းရှာဖို့နဲ့ တရုတ်အစိုးရကိုပါ မြန်မာနိုင်ငံက သတ္တုတွင်းတွေနဲ့ ဆက်စပ်နေတဲ့ တရုတ်ကုမ္ပဏီတွေကို စစ်ဆေးပေးဖို့ တောင်းဆိုသင့်တယ်လို့ ဆိုပါတယ်။
ကော့မြစ်၊ စိုင်းမြစ်နဲ့ ဆက်စပ်မြစ်တွေမှာ ဖြစ်ပေါ်နေတဲ့ နယ်စပ်ဖြတ်ကျော်ညစ်ညမ်းမှုဟာ စိုက်ပျိုးရေ၊ သောက်သုံးရေ၊ ရေပေးဝေရေးစနစ်နဲ့ မြစ်ကမ်းတလျှောက်နေထိုင်သူတွေရဲ့ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်နေပေမယ့် ထိုင်းအစိုးရဘက်က ပြဿနာကို လုံလောက်အောင် အလေးထားဖြေရှင်းတာ မတွေ့ရဘူးလို့ နိုရဆက်က ဝေဖန်ပါတယ်။
“ထိုင်းအစိုးရက ပြည်တွင်းက လူတွေရဲ့ ဒုက္ခကို အဓိကထားပြီး ဆွေးနွေးနေတာမျိုး မခံစားရဘူး။ မြန်မာနဲ့ တရုတ်ဘက်ကို အရမ်းအားနာနေသလို ဖြစ်နေတယ်” လို့ သူက ပြောထားပါတယ်။

