Homeပြည်တွင်းသတင်းချင်းမိုင်တွင် မြန်မာလုပ်သားများ တရားမဝင်ပို့ဆောင်နေသည့် ဂိုဏ်းခေါင်းဆောင် ဖမ်းဆီးခံရ

ချင်းမိုင်တွင် မြန်မာလုပ်သားများ တရားမဝင်ပို့ဆောင်နေသည့် ဂိုဏ်းခေါင်းဆောင် ဖမ်းဆီးခံရ

၂၆ ဧပြီ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံအတွင်း မြန်မာလုပ်သားတွေကို တရားမဝင်ပို့ဆောင်နေတဲ့ လူမှောင်ခိုကွန်ရက်တစ်ခုရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ ရာဇဝတ်မှုနှိမ်နင်းရေးဌာန (CSD) အပါအဝင် ပူးပေါင်းအဖွဲ့တွေက ချင်းမိုင်မြို့၊ ဆာရဖီခရိုင်အတွင်း ငှားရမ်းထားတဲ့ အခန်းတစ်ခုမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တရားမဝင် မြန်မာလုပ်သား ၂၅ ဦးနဲ့ ကားမောင်းသမား ၃ ဦးကို ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်ကနေ ဆက်စပ်ကွင်းဆက်တွေ ဖော်ထုတ်ရာကနေ ဆက်လက်လိုက်လံစစ်ဆေးပြီး အခုလို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ သံသယရှိသူဟာ လူမှောင်ခိုလုပ်ငန်းကို စနစ်တကျ စီမံညွှန်ကြားထားသူဖြစ်ပြီး ဖမ်းဆီးမှုကို ရှောင်ရှားနိုင်ဖို့ လမ်းကြောင်းကြည့်ပေးတဲ့ ရှေ့ပြေးကားတွေကိုပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းပိုင်းဖြစ်တဲ့ Nakhon Sawan နဲ့ Phichit ပြည်နယ်တွေထိ မြန်မာလုပ်သားတွေကို ပို့ဆောင်ပေးနိုင်ဖို့ ကားသမားတွေကို တစ်ခေါက်လျှင် ဘတ် ၇,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးကာ ငှားရမ်းအသုံးပြုခဲ့ကြောင်းလည်း စုံစမ်းချက်တွေက ဖော်ပြပါတယ်။

ဖမ်းဆီးချိန်မှာတော့ သံသယရှိသူ အသုံးပြုခဲ့တဲ့ ယာဉ် ၃ စီးနဲ့ လက်ကိုင်ဖုန်း ၃ လုံးကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမှုအတွင်း သံသယရှိသူက မိမိကျူးလွန်မှုတွေကို ဝန်ခံထားပြီး တာချီလိတ်နယ်စပ်ကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို လက်ခံကာ တစ်ဦးလျှင် ဘတ် ၃,၅၀၀ နှုန်းနဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

တစ်လလျှင် လူ ၁၀ ဦးခန့်မှ အများဆုံး ၅၀ ဦးအထိ တစ်ခေါက်တည်းနဲ့ ပို့ဆောင်ပေးလေ့ရှိကြောင်းလည်း ဝန်ခံထားပါတယ်။

လက်ရှိမှာတော့ သံသယရှိသူကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ သက်ဆိုင်ရာ စစ်ဆေးရေးအရာရှိတွေထံ လွှဲပြောင်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး