၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
တရားမဝင်နည်းလမ်းတွေနဲ့ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲထားသူတွေအနေနဲ့ အခုလ ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနတွေကို လာရောက်အသိပေးပါက အရေးယူမှုတွေကို လျှော့ပေါ့ပေးသွားမယ်လို့ စစ်အုပ်စုရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက် ရက်စွဲနဲ့ အသိပေးထားပါတယ်။
လျှပ်စစ်ဓာတ်အား တရားမဝင်ရယူသုံးစွဲမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အခုလို အခွင့်အရေးပေးထားတာဖြစ်ပြီး၊ သတ်မှတ်ကာလအတွင်း မိမိတို့အသုံးပြုနေတဲ့ အခြေအနေကို လာရောက်အသိပေးသူတွေအတွက် ဓာတ်အားဖြတ်တောက်တာ၊ ဒဏ်ကြေးပေးဆောင်ရတာနဲ့ တရားစွဲဆိုခံရတာတွေကနေ ကင်းလွတ်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရားမဝင်ရယူသုံးစွဲထားတဲ့ ဓာတ်အားအတွက် လျော်ကြေးငွေ တွက်ချက်ရာမှာလည်း သတ်မှတ်ထားတဲ့ မူလနှုန်းထားရဲ့ ၅၀ ရာခိုင်နှုန်းသာ ကောက်ခံသွားမယ်လို့ အသိပေးထားပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်ထားတဲ့ အသိပေးချက်အရ ဇူလိုင် ၃၁ ရက် ကျော်လွန်ပြီးနောက် Control Center တွေက စစ်ဆေးတွေ့ရှိတဲ့ တရားမဝင် ဓာတ်အားသုံးစွဲမှုတွေကိုတော့ သက်ဆိုင်ရာ လျှပ်စစ်ဥပဒေတွေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အရေးယူမှုအနေနဲ့ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း စတဲ့ အရေးယူမှုတွေ ပြုလုပ်သွားနိုင်တယ်လို့ အသိပေးထားပါတယ်။
လျှပ်စစ်ဓာတ်အား တရားမဝင်ရယူသုံးစွဲမှုတွေ လျော့နည်းလာမယ်ဆိုရင် လက်ရှိ လျှပ်စစ်ဓာတ်အား မရရှိသေးတဲ့ ပြည်သူတွေဆီကို ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


