Homeပြည်တွင်းသတင်းမြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အဖြစ် လော့စ်အိန်ဂျလိစ်မြို့က ထိုင်းကောင်စစ်ဝန်ချုပ်ကို ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အဖြစ် လော့စ်အိန်ဂျလိစ်မြို့က ထိုင်းကောင်စစ်ဝန်ချုပ်ကို ခန့်အပ်

၂၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်သစ်အဖြစ် လက်ရှိ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က ထိုင်းကောင်စစ်ဝန်ချုပ် တော် ဆာရလမ်ကို ခန့်အပ်ဖို့ ထိုင်းအစိုးရရဲ့ အဆိုပြုချက်ကို မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရက သဘောတူလိုက်ပါတယ်။

လက်ရှိ ထိုင်းသံအမတ် မုံခွန်း ဝိစစ်စတန်ရဲ့နေရာမှာ တော် ဆာရလမ်ကို အစားထိုးခန့်အပ်မှာဖြစ်ပြီး နေပြည်တော်ဘက်က ဇူလိုင် ၂၃ ရက်မှာ တရားဝင်ထုတ်ပြန်ခဲ့တာပါ။

တော် ဆာရလမ်ဟာ ၁၉၇၅ ခုနှစ် မတ် ၃ ရက်မှာ မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်က ဂျာမန်ဘာသာစကားနဲ့ ဝိဇ္ဇာဘွဲ့၊ ရမ်ခမ်ဟွန်တက္ကသိုလ်က ဥပဒေဘွဲ့နဲ့ ဗြိတိန်နိုင်ငံ Warwick တက္ကသိုလ်က နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့တို့ ရရှိထားပါတယ်။

သူဟာ ၁၉၉၆ ခုနှစ်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို စတင်ဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့နဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ထိုင်းကောင်စစ်ဝန်ချုပ်ရုံးတွေအပြင် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်မြို့ရှိ ထိုင်းသံရုံးမှာလည်း ရာထူးအဆင့်ဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

လက်ရှိမှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ ထိုင်းကောင်စစ်ဝန်ချုပ်ရုံးမှာ ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ယူထားပါတယ်။

လက်ရှိသံအမတ် မုံခွန်း ဝိစစ်စတန်ဟာ မြန်မာနိုင်ငံဆိုင်ရာ သံတမန်တာဝန်ပြီးဆုံးပြီး ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ သံအမတ်သစ် တော် ဆာရလမ် မြန်မာနိုင်ငံကို ရောက်ရှိလာမယ့်အချိန်နဲ့ သံအမတ်ခန့်အပ်လွှာ ပေးအပ်မယ့်ရက်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Related News

Most Read