၁၄ ဇူလိုင် ၂၀၂၆ | New Day Myanmar
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ တရားမဝင် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲခဲ့တဲ့ ရေခဲစက်လုပ်ငန်းရှင်တဦးကို လျှပ်စစ်ဥပဒေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၈၈ လမ်းနဲ့ ၈၉ လမ်းကြားက ရေခဲစက်လုပ်ငန်းတခုမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်မီတာမှာ Error ပေါ်နေပြီး မူလအနေအထား ပျက်ယွင်းနေတာကို တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီမီတာကို ရန်ကုန်မြို့ရှိ လျှပ်စစ်စမ်းသပ်ရေးနဲ့ စစ်ဆေးရေးဌာနကို ပို့ဆောင်စစ်ဆေးရာ မသမာတဲ့နည်းနဲ့ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ လျှပ်စစ်ဓာတ်အား ၃၆၂,၇၄၀ ယူနစ် နစ်နာဆုံးရှုံးခဲ့ပြီး ဓာတ်အားခလျော်ကြေးနဲ့ နစ်နာကြေးအဖြစ် ကျပ် ၁၈၁ သန်းကျော် ပေးဆောင်စေဖို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် အဲဒီရေခဲစက်ရဲ့ လျှပ်စစ်ဓာတ်အားကို ချက်ချင်းဖြုတ်သိမ်းဖြတ်တောက်ခဲ့ပြီး လုပ်ငန်းရှင်ကိုလည်း လျှပ်စစ်ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


