၂၆ မေ ၂၀၂၆ | New Day Myanmar
မကွေးမြို့နယ်နဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွေမှာ စုစုပေါင်း ကျပ်သိန်း ၄,၇၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဒီကနေ့ မေလ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးမြို့နယ်၊ ကန်ဖျားကျေးရွာအနီးမှာ မေလ ၂၄ ရက်နေ့ ညနေပိုင်းက နတ်မောက်ဘက်က မောင်းလာတဲ့ ပရာဒိုကားတစ်စီးကို စစ်ဆေးရာကနေ ကျပ်သိန်း ၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃ သိန်းကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစိတ်ကြွဆေးပြားတွေနဲ့အတူ ကားမောင်းလာသူ အသက် ၄၈ နှစ်အရွယ် ဟန်မင်းကို (ခ) မင်းမင်းကိုကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာပဲ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်ရှိ ကားဂိတ်တစ်ခုမှာ မီနီအိုးဝေနဲ့ ပစ္စည်းလာထုတ်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုညီညီဝိုင်းဆီကနေ ကျပ်သိန်း ၂၀၇ တန် ဘိန်းစိမ်း ၂၃ ကီလိုကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူနှစ်ဦးစလုံးကို သက်ဆိုင်ရာရဲစခန်းတွေမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။


