Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ လူ ၁၆ သန်းကျော် အကူအညီလိုအပ်နေပြီး မကွေးတိုင်းတခုတည်းမှာ လူတသိန်းကျော် ထပ်မံနေရပ်စွန့်ခွာရ

မြန်မာနိုင်ငံမှာ လူ ၁၆ သန်းကျော် အကူအညီလိုအပ်နေပြီး မကွေးတိုင်းတခုတည်းမှာ လူတသိန်းကျော် ထပ်မံနေရပ်စွန့်ခွာရ

၁၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာမှု၊ အရပ်သားကာကွယ်စောင့်ရှောက်ရေးအန္တရာယ်နဲ့ လူသားချင်းစာနာမှုအကူအညီ ရောက်ရှိရေးအတားအဆီးတွေ ပိုမိုဆိုးရွားလာတာကြောင့် လူ ၁၆ သန်းကျော် အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၃ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုအခြေအနေ အစီရင်ခံစာအမှတ် ၅၂ အရ နိုင်ငံတဝန်း နေရပ်စွန့်ခွာနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိလာပြီး အများအပြားဟာ တကြိမ်ထက်မက ထပ်ခါတလဲလဲ နေရပ်စွန့်ခွာခဲ့ရသူတွေ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာမှုအသစ်တွေဟာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အထူးမြင့်တက်နေပြီး မကြာသေးခင်က မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူတသိန်းကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နေရပ်စွန့်ခွာရသူအများအပြားဟာ လုံခြုံတဲ့ အမိုးအကာ၊ စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုတွေ မလုံလောက်တဲ့ အခြေအနေမှာ ရှိနေကြပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ၊ သွားလာခွင့်ကန့်သတ်တာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ခွင့်ပြုချက်တောင်းခံမှုတွေကြောင့် အကူအညီပေးရေးအဖွဲ့တွေဟာ ထိခိုက်လွယ်တဲ့ လူမှုအသိုင်းအဝိုင်းတွေဆီ အကူအညီရောက်ရှိဖို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

၂၀၂၆ ခုနှစ် မတ်လကုန်အထိ အကူအညီပေးရေးအဖွဲ့တွေက နိုင်ငံတဝန်း ကူညီဖို့ ရည်မှန်းထားတဲ့ လူ ၄ ဒသမ ၉ သန်းအနက် လူ ၁ ဒသမ ၆ သန်းကို အနည်းဆုံး အကူအညီတမျိုး ပေးအပ်နိုင်ခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ ရည်မှန်းထားသူတွေရဲ့ သုံးပုံတပုံနီးပါးသာ ရှိပါတယ်။

အသက်ကယ်အကူအညီ အရေးအကြီးဆုံးလိုအပ်နေသူတွေအဖြစ် ဦးစားပေးသတ်မှတ်ထားတဲ့ လူတွေထဲက ၈၃၂,၀၀၀ ကိုလည်း အကူအညီရောက်ရှိခဲ့တယ်လို့ OCHA က ဆိုပါတယ်။ ဒါပေမဲ့ လိုအပ်ချက်ပမာဏနဲ့ နှိုင်းယှဉ်ရင် အကူအညီရရှိသူအရေအတွက်ဟာ ဆက်လက်နည်းပါးနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုတုံ့ပြန်ရေးအစီအစဉ်မှာ အမေရိကန်ဒေါ်လာ သန်း ၈၉၀ လိုအပ်ပေမယ့် ဇူလိုင်လလယ်အထိ လိုအပ်ငွေရဲ့ ၄၃ ရာခိုင်နှုန်းသာ ရရှိထားပါတယ်။ ဆက်လက်ရန်ပုံငွေမရရှိရင် အသက်ကယ်စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ အမိုးအကာနဲ့ ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်တွေကို ထိန်းသိမ်းဖို့နဲ့ တိုးချဲ့ဖို့ ပိုမိုခက်ခဲလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ကုလသမဂ္ဂက ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးကို အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို လိုက်နာဖို့နဲ့ အကူအညီပေးရေးအဖွဲ့တွေကို အန္တရာယ်ကင်းကင်း၊ ရေရှည်တည်တံ့ပြီး အတားအဆီးမရှိ ဝင်ရောက်ကူညီခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

ဓါတ်ပုံ – CJ

Related News

Most Read