၁၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဗြိတိန်အစိုးရက နိုင်ငံတကာအကူအညီအသုံးစရိတ်ကို အကြီးအကျယ် လျှော့ချနေတဲ့အထဲ မြန်မာနိုင်ငံအတွက်ပေးအပ်မယ့် နှစ်နိုင်ငံချင်း တိုက်ရိုက်အကူအညီငွေကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ၃၀ ရာခိုင်နှုန်းနီးပါး လျှော့ချဖို့ စီစဉ်ထားတာကြောင့် မြန်မာနိုင်ငံအတွင်းက လူသားချင်းစာနာမှု၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေ ထပ်မံထိခိုက်လာနိုင်ပါတယ်။
ဗြိတိန်အစိုးရရဲ့ နိုင်ငံခြားအကူအညီအသုံးစရိတ်ဟာ လာမယ့် လေးနှစ်အတွင်း ပေါင်စတာလင် ၆ ဒသမ ၅ ဘီလီယံခန့်၊ ရာခိုင်နှုန်းအားဖြင့် ၄၂ ရာခိုင်နှုန်းနီးပါး လျော့ကျမယ်လို့ ဗြိတိန်အစိုးရရဲ့ နိုင်ငံတကာအကူအညီအသုံးစရိတ်ကို စောင့်ကြည့်စစ်ဆေးတဲ့ လွတ်လပ်သောအဖွဲ့က သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံအတွက် ဖြတ်တောက်မှုဟာ ပဋိပက္ခနဲ့ လူသားချင်းစာနာမှုအကျပ်အတည်း အဆိုးရွားဆုံးဖြစ်နေချိန်မှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ နေရပ်စွန့်ခွာမှုတွေ ဆက်လက်မြင့်တက်နေပြီး ပြည်သူသန်းပေါင်းများစွာဟာ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာနဲ့ ကာကွယ်စောင့်ရှောက်ရေးအကူအညီတွေ လိုအပ်နေပါတယ်။
အကူအညီငွေ လျှော့ချတာကြောင့် နယ်စပ်ဒုက္ခသည်စခန်းတွေ၊ ပဋိပက္ခဒေသတွေက ဆေးရုံနဲ့ ဆေးခန်းတွေ၊ ပညာရေးအစီအစဉ်တွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးလုပ်ငန်းတွေအပြင် လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ လွတ်လပ်တဲ့အရပ်ဘက်အဖွဲ့အစည်းတွေကို ထောက်ပံ့နေတဲ့ အစီအစဉ်တွေပါ ထိခိုက်နိုင်တယ်လို့ လူသားချင်းစာနာမှုအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ အရင် နိုင်ငံတကာအကူအညီဖြတ်တောက်မှုတွေကြောင့်လည်း ဒုက္ခသည်စခန်းဆေးရုံတွေ ပိတ်ခဲ့ရပြီး ကျန်းမာရေးနဲ့ ပညာရေးလုပ်ငန်းတွေ ရပ်တန့်ခဲ့ရတာတွေ ရှိပါတယ်။
ဗြိတိန်အစိုးရက နိုင်ငံတကာအကူအညီအသုံးစရိတ်ကို နိုင်ငံ့စုစုပေါင်းဝင်ငွေရဲ့ သုည ဒသမ ၅ ရာခိုင်နှုန်းကနေ ၂၀၂၇ ခုနှစ်မှာ သုည ဒသမ ၃ ရာခိုင်နှုန်းအထိ လျှော့ချပြီး ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တခုတည်းမှာ အကူအညီအသုံးစရိတ် ပေါင်စတာလင် ၄ ဒသမ ၈ ဘီလီယံခန့် လျော့ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဗြိတိန်အစိုးရဘက်ကတော့ အကူအညီအနည်းငယ်နဲ့ ပိုမိုထိရောက်တဲ့ ရလဒ်ရရှိရေး၊ နှစ်နိုင်ငံချင်းတိုက်ရိုက်အကူအညီပေးတာထက် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့် ပေးအပ်တဲ့ စနစ်ကို ပိုမိုဦးစားပေးရေးတို့အတွက် အသုံးစရိတ်ကို ပြန်လည်ဖွဲ့စည်းတာဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
ဒါပေမယ့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံလို အစိုးရဝန်ဆောင်မှုစနစ် ပျက်စီးနေပြီး နိုင်ငံတကာအကူအညီကို အဓိကမှီခိုနေရတဲ့ ပဋိပက္ခဒေသတွေမှာ ငွေဖြတ်တောက်တာဟာ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုက်ရိုက်ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
ဗြိတိန်ဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံက ထိခိုက်လွယ်ပြည်သူ တစ်သန်းနီးပါးအတွက် အပိုလူသားချင်းစာနာမှုအကူအညီ ပေါင်စတာလင် ၂၂ သန်း ပေးအပ်မယ်လို့ ကြေညာခဲ့ဖူးပါတယ်။ လက်ရှိဖြတ်တောက်မှုတွေကြောင့် အဲဒီလို ရေရှည်အကူအညီပေးရေးအစီအစဉ်တွေ ဆက်လက်တည်တံ့နိုင်မယ့်အခြေအနေကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။


