Homeပြည်တွင်းသတင်းမြန်မာမြေပေါ်က အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို တားဆီးပေးဖို့ အိန္ဒိယ လုံခြုံရေးအကြံပေး တောင်းဆို

မြန်မာမြေပေါ်က အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို တားဆီးပေးဖို့ အိန္ဒိယ လုံခြုံရေးအကြံပေး တောင်းဆို

၁၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမြေပေါ်ကနေ အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခွင့်မပြုဖို့ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval က မြန်မာဘက်က အမျိုးသားလုံခြုံရေးအကြံပေး ဦးတင်အောင်စန်းကို တောင်းဆိုခဲ့တယ်လို့ အိန္ဒိယဘက်က သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ ပဉ္စမအကြိမ် ဘင်္ဂလားပင်လယ်အော်ဒေသဆိုင်ရာ ကဏ္ဍစုံနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) အမျိုးသားလုံခြုံရေးအကြီးအကဲများ အစည်းအဝေးရဲ့ ပြင်ပမှာ Ajit Doval နဲ့ ဦးတင်အောင်စန်းတို့ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသတွင်းလုံခြုံရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် အခြေအနေကို အလေးထားဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယဘက်က မြန်မာနိုင်ငံအတွင်း အခြေစိုက်လှုပ်ရှားနေတယ်လို့ ယူဆထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ လက်နက်မှောင်ခိုကူးမှုနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကို စိုးရိမ်နေပြီး မြန်မာနိုင်ငံပိုင်နက်ကို အသုံးပြုပြီး အိန္ဒိယဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်မပြုဖို့ ရှင်းလင်းစွာ ပြောဆိုခဲ့တယ်လို့ အိန္ဒိယအစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့တွေ၊ ဘယ်ဒေသတွေမှာ အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မတွေ့ရသေးပါဘူး။ မြန်မာဘက်ကလည်း အိန္ဒိယရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ကို လူသိရှင်ကြား ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

BIMSTEC အမျိုးသားလုံခြုံရေးအကြီးအကဲများ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးကုန်ကူးမှု၊ ဆိုက်ဘာလုံခြုံရေး၊ ရေကြောင်းလုံခြုံရေးနဲ့ နယ်စပ်စီမံခန့်ခွဲရေးဆိုင်ရာ ပြဿနာတွေကို ပူးပေါင်းဖြေရှင်းရေး ဆွေးနွေးခဲ့ကြပါတယ်။

Related News

Most Read