၂ ဧပြီ ၂၀၂၆ | New Day Myanmar
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဗြိတိန် လူ့အခွင့်အရေးသံအမတ်ကြီး အီလီနာ ဆန်ဒါးစ် က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အခြေအနေတွေထဲ တစ်ခုအဖြစ် ရှိနေပြီလို့ ပြောကြားလိုက်ပါတယ်။
မတ်လ ၃၁ ရက်က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၆၁ ကြိမ်မြောက် အစည်းအဝေးမှာ သူမက ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေ ပိုပိုပြီးဆိုးရွားလာနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်း L.24/Rev.1 အရစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးနဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ လည်း ပြောပါတယ်။
ကုလသမဂ္ဂ အချက်အလက်တွေ အရ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း လူဦးရေ ၁၆ သန်းကျော်ဟာ အကူအညီလိုအပ်နေပြီး ၃.၇ သန်းကျော်က နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေရှိနေပါတယ်။
စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာမီးရှို့ဖျက်ဆီးမှုတွေ၊ မတရားဖမ်းဆီးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး တိုင်းရင်းသားနဲ့ ဘာသာရေး လူနည်းစုတွေကိုလည်း ဖိနှိပ်မှုတွေ ပြင်းထန်နေတယ်လို့ အစီရင်ခံချက်တွေမှာ ဖော်ပြထားတာကိုလည်းပြောခဲ့ပါတယ်။
အီလီနာ ဆန်ဒါးစ် က “မြန်မာ့အရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးတကြီး လုပ်ဆောင်ရမယ့် အကြောင်းအရာတစ်ခုဖြစ်ပြီး မျက်ကွယ်ပြုထားလို့ မရပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
စစ်ကော်မရှင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မှုမရှိဘဲ တစ်ဖက်သတ်ဆန်နေပြီး နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်းမရှိဘူးလို့ နိုင်ငံတကာက ဝေဖန်နေပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် အရေးယူဆောင်ရွက်ဖို့နဲ့ မြန်မာ့ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးကို ထောက်ပံ့ဖို့ ဆက်လက်တိုက်တွန်းနေပါတယ်။


