Homeပြည်တွင်းသတင်းမြစ်ဆုံစီမံကိန်းပြန်စရန် ကြိုးပမ်းမှုအပေါ် KHRW နှင့် ဒေသခံလူငယ်များ ဆက်လက်ကန့်ကွက်သွားမည်

မြစ်ဆုံစီမံကိန်းပြန်စရန် ကြိုးပမ်းမှုအပေါ် KHRW နှင့် ဒေသခံလူငယ်များ ဆက်လက်ကန့်ကွက်သွားမည်

၂၆ မေ ၂၀၂၆ | New Day Myanmar

မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် အလွန်အန္တရာယ်များပြီး အကျိုးမပြုတဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာမှုအပေါ် ဆက်လက်ကန့်ကွက်သွားမယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ပြောကြားလိုက်ပါတယ်။

ပြည်သူလူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တန့်ထားခဲ့တဲ့ မြစ်ကြီးနားမြို့အနီးရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို စစ်ကော်မရှင်က ကော်မတီဖွဲ့စည်းပြီး ပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာတာဖြစ်တယ်လို့ သိရပါတယ်။

KHRW ရဲ့ ဖော်ပြချက်အရ စစ်ကော်မရှင်ဘက်က ဒေသခံပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အစည်းအဝေးခေါ်ယူကာ စည်းရုံးသိမ်းသွင်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျက်ကော့က “မြစ်ဆုံစီမံကိန်းဟာ ဒေသခံတွေအတွက်သာမက မြန်မာပြည်သူအားလုံးအတွက်ပါ အကျိုးမပြုတဲ့ အန္တရာယ်ရှိစီမံကိန်းဖြစ်တယ်။ ဘယ်အဖွဲ့အစည်းက ဖိအားပေးပါစေ လက်ခံမှာမဟုတ်ဘဲ ဆက်လက်ကန့်ကွက်သွားမယ်” လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် မေလ ၂၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းသားလူငယ်တွေ စုပေါင်းပြီး မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေက စီမံကိန်းရဲ့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုမိုများပြားနေတဲ့အတွက် အခုလို စုပေါင်းကန့်ကွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

စီမံကိန်းနဲ့ပတ်သက်ပြီး ဘူမိဗေဒပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကလည်း မြစ်ဆုံဒေသရဲ့ သဘာဝအလှတရား ပျောက်ကွယ်သွားနိုင်တာ၊ ဒေသခံသောင်းချီ နေရပ်စွန့်ခွာရနိုင်တာနဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဂေဟစနစ် ထိခိုက်ပျက်စီးနိုင်တာတွေကြောင့် စီမံကိန်းကို ဆက်လက်တည်ဆောက်ဖို့ မသင့်လျော်ဘူးလို့ ထောက်ပြဝေဖန်ထားကြပါတယ်။

လက်ရှိ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ကြိုးပမ်းနေတဲ့အပေါ် ပြည်တွင်း၊ ပြည်ပရှိ ကချင်လူမှုအဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေနဲ့ ပြည်သူအများစုက စိုးရိမ်စွာ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – KHRW

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး