Homeပြည်တွင်းသတင်းမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ဧရာဝတီမြစ်ပေါ်မှာ စတစ်ကာရေမျှောလှုပ်ရှားမှု ပြုလုပ်

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ဧရာဝတီမြစ်ပေါ်မှာ စတစ်ကာရေမျှောလှုပ်ရှားမှု ပြုလုပ်

၁၄ ဇွန် ၂၀၂၆ | New Day Myanmar

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးအတွက် စတစ်ကာရေမျှော (Sticker Campaign) လှုပ်ရှားမှုတစ်ရပ်ကို ဇွန်လ ၁၃ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှုပ်ရှားမှုကို ဧရာဝတီမြစ်ကို ချစ်မြတ်နိုးသူ လူငယ်အချို့က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့နယ်ရှိ ဧရာဝတီမြစ်ကြောင်းပေါ်က နေရာ ၃ ခုမှာ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ရေမျှောခဲ့တဲ့ စတစ်ကာတွေမှာ “မြစ်ဆုံစီမံကိန်း အလိုမရှိ”၊ “ဧရာဝတီကို ကာကွယ်ကြပါစို့”၊ “ဧရာဝတီရှင်သန်ဖို့ မြစ်ဆုံကို ကာကွယ်စို့”၊ “ပြည်သူ့အသံကို နားထောင်ပါ” နဲ့ “မြစ်ဆုံသည် ရောင်းကုန်မဟုတ်” စတဲ့ စာသားတွေကို ရေးသားဖော်ပြထားပါတယ်။

လှုပ်ရှားမှုမှာ ပါဝင်သူတွေက ဧရာဝတီမြစ်ဆုံနဲ့ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောတစ်ခုဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအပြင် နိုင်ငံတကာမှာရှိတဲ့ ဧရာဝတီမြစ်နဲ့ မြစ်ဆုံဒေသကို ချစ်မြတ်နိုးသူတွေအနေနဲ့လည်း မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်းကာကွယ်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး