Homeပြည်တွင်းသတင်းလျှပ်စစ်မီတာခ ကျပ်သိန်း ၄၅၀၀၀ ကျော်ဖိုး ခိုးယူသုံးစွဲမှုနဲ့ သံမဏိစက်ရုံလုပ်ငန်းရှင်တစ်ဦး အရေးယူခံရ

လျှပ်စစ်မီတာခ ကျပ်သိန်း ၄၅၀၀၀ ကျော်ဖိုး ခိုးယူသုံးစွဲမှုနဲ့ သံမဏိစက်ရုံလုပ်ငန်းရှင်တစ်ဦး အရေးယူခံရ

၁၄ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ မြောင်းတကာစက်မှုဇုန်မှာရှိတဲ့ သံမဏိထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကို လျှပ်စစ်မီတာခ ငွေကျပ် သန်း ၄,၅၀၀ (ကျပ်သိန်း ၄၅၀၀၀) ကျော်ဖိုး ခိုးယူသုံးစွဲခဲ့တယ်ဆိုပြီး လျှပ်စစ်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်တပ်ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က မသမာတဲ့နည်းနဲ့ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေမှုတွေကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်နေစဉ် မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ် (၅၂/၅၃) မှာရှိတဲ့ Zon Tai သံရည်ကျိုစက်ရုံကို မသင်္ကာဖွယ်တွေ့ရှိခဲ့တာကြောင့် ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးရာမှာ လျှပ်စစ်မီတာကို မသမာတဲ့နည်းနဲ့ ဖွင့်လှစ်ပြုပြင်ထားပြီး ဓာတ်အားခိုးယူသုံးစွဲနေခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အားယူနစ် ၅ ဒသမ ၀၆ သန်းကျော် ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်အနေနဲ့ ငွေကျပ် သန်း ၄,၅၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် အဆိုပါစက်ရုံရဲ့ လျှပ်စစ်မီတာကို ချက်ချင်းပိတ်သိမ်းခဲ့ပြီး ဆုံးရှုံးမှုတွေ ပြန်လည်ရရှိရေးနဲ့ ဓာတ်အားခိုးယူသုံးစွဲခဲ့တဲ့ လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေအရ အရေးယူနိုင်ဖို့ ဇွန် ၁၁ ရက်က မှော်ဘီမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ အဆိုပါလုပ်ငန်းဟာ မြောင်းတကာစက်မှုဇုန်မှာ အခြေစိုက်တဲ့ ပုဂ္ဂလိကပိုင် သံမဏိထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာလုပ်ငန်းသုံး သံမဏိပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ မှတ်ပုံတင်ထားပေမယ့် ကုမ္ပဏီပိုင်ရှင် ဒါမှမဟုတ် ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ အမည်တွေကို အများပြည်သူသိရှိနိုင်တဲ့ မှတ်တမ်းတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကတော့ Control Center တွေကနေ စောင့်ကြည့်စစ်ဆေးတာ၊ မြေပြင်ကွင်းဆင်းစစ်ဆေးတာနဲ့ ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားမှုတွေကို အခြေခံပြီး ဓာတ်အားခိုးယူသုံးစွဲမှုတွေကို ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၁ ရက်ကလည်း နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားစနစ်အတွင်း ပို့လွှတ်မှုနဲ့ ဖြန့်ဖြူးမှုအပိုင်းတွေမှာ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားရဲ့ ၁၈ ဒသမ ၃၈ ရာခိုင်နှုန်းခန့်၊ ယူနစ် ၃.၅ ဘီလီယံကျော် နှစ်စဉ်ဆုံးရှုံးနေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး လျှပ်စစ်ဓာတ်အားခိုးယူမှုတွေနဲ့ မသမာမှုတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း အသိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး