၁၉ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့အပါအဝင် မြို့ကြီးအတော်များများမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးရွားစွာ ကြုံတွေ့နေရပေမယ့် ဧပြီလအတွက် ပေးဆောင်ရမယ့် မီတာခတွေဟာ ယခင်လတွေထက် သိသိသာသာ မြင့်တက်လာတာကြောင့် ပြည်သူတွေအကြား ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။
ဧပြီလအတွင်းမှာ လျှပ်စစ်မီးကို ၄ နာရီခြား တစ်ကြိမ်ခန့်သာ ရရှိခဲ့ပေမယ့် မီတာခတွေကတော့ နှစ်ဆနီးပါးအထိ ခုန်တက်သွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ဧပြီလအတွက် မီတာခတွေ တက်လာတာ။ မနေ့က မီတာစာရွက်လာတော့ ကြည့်လိုက်တာ တစ်သိန်းကျော်နေတယ်။ အရင် မီးမှန်တုန်းကတော့ ငါးသောင်းစွန်းလောက်ရှိတာ။ မီးမမှန်တော့ အဲကွန်းတောင် မသုံးဘူး။ အဲ့ဒါကို ဘယ်လိုဖြစ်ပြီး တစ်သိန်းကျော်ကျလဲ မပြောတတ်ဘူး။ သူတို့က မီတာလည်း လာဖတ်တာမဟုတ်ဘူး။ မှန်းတွက်နေကြတာ။ သွားဆောင်တဲ့နေ့မှ ပြောရမယ်” လို့ ရန်ကုန်နေ ပြည်သူတစ်ဦးက ဆိုပါတယ်။
အခု မေလအတွင်း ရန်ကုန်မှာ လျှပ်စစ်မီး ပုံမှန်ပြန်လာနေတာကြောင့် မေလအတွက် ဆောင်ရမယ့် မီတာခ ပိုမိုမြင့်တက်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ သူက ပြောပါတယ်။
မီတာခ မြင့်တက်လာတာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ခံတွေ အတော်များများ ခံစားနေကြရပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားမျှဝေတဲ့အထိ ဝေဖန်မှုတွေ ရှိနေပါတယ်။
မီတာခတွေ အဆမတန် များပြားနေမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ရုံးတွေကို သွားရောက်ပြောကြားရာမှာ “သုံးလို့တက်တာပေါ့၊ မသုံးရင် မီတာမတက်ဘူး” လို့ မချေမငံ ပြောခံရတာတွေလည်း ကြုံနေရပါတယ်။
လျှပ်စစ်ဖတ်ဝန်ထမ်းအချို့ဟာ အိမ်တိုင်ရာရောက် မီတာဖတ်ရှုတာမရှိဘဲ ခန့်မှန်းယူနစ်တွေနဲ့သာ ဖြတ်ပိုင်းထုတ်ပေးနေတာ ဖြစ်နိုင်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့တင်မကဘဲ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အလားတူ မီတာခ အဆမတန် ပေးဆောင်နေရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။


