Homeပြည်တွင်းသတင်းရန်ကုန်မှာ ကော်ဖီမစ်ပလိန်းတစ်ခွက် ကျပ် ၂,၀၀၀ အထိ ဖြစ်လာ

ရန်ကုန်မှာ ကော်ဖီမစ်ပလိန်းတစ်ခွက် ကျပ် ၂,၀၀၀ အထိ ဖြစ်လာ

၂၆ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့က မြို့နယ်တချို့မှာ ဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ကော်ဖီမစ်ပလိန်းတစ်ခွက်ကို ကျပ် ၂,၀၀၀ အထိ ရောင်းချလာတာတွေ့ရပြီး အဓိကအကြောင်းရင်းကတော့ ဆိုင်ခန်းငှားခတွေ အဆမတန် မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ ဆိုင်ရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ရန်ကုန်မြို့က လူစည်ကားပြီး ဈေးရောင်းဈေးဝယ် အချက်အချာကျတဲ့ ရပ်ကွက်တွေမှာ အရင်က တစ်လကို ကျပ် ၈ သိန်းကနေ ၁၀ သိန်းဝန်းကျင်ပဲ ပေးရတဲ့ ဆိုင်ခန်းတွေဟာ အခုဆိုရင် ကျပ်သိန်း ၃၀ ကနေ ၄၀ အထိ မြင့်တက်လာတာကြောင့် ရောင်းဈေးကိုလည်း မဖြစ်မနေ မြှင့်တင်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိစီးပွားရေးအခြေအနေကြောင့် ဆိုင်လာထိုင်သူတွေဟာ အရင်လို မုန့်နဲ့ အစားအစာမျိုးစုံ မမှာတော့ဘဲ ကော်ဖီတစ်ခွက်တည်းမှာပြီး အချိန်ကြာကြာ ထိုင်တတ်လာတာကြောင့် စားပွဲတွေပြည့်နေပေမယ့် ရောင်းအားကတော့ မျှော်မှန်းထားသလောက် မရဘူးလို့လည်း ပြောပါတယ်။

စားသုံးသူတွေဘက်ကလည်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အသုံးစရိတ်လျှော့ချလာကြပြီး လက်ဖက်ရည်အစား ကော်ဖီမစ်ပလိန်းနဲ့ အီကြာကွေး၊ စမူဆာတို့ကို တွဲဖက်စားသောက်တဲ့သူတွေ ပိုများလာတယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့က နာမည်ကြီး လက်ဖက်ရည်ဆိုင်တချို့မှာ လက်ဖက်ရည်တစ်ခွက်ကို ကျပ် ၂,၀၀၀ ကနေ ၂,၅၀၀ အထိ ပေးနေရသလို ရပ်ကွက်တွင်း လက်ဖက်ရည်ဆိုင်တွေမှာလည်း ကျပ် ၁,၅၀၀ ကနေ ၁,၈၀၀ အထိ ရောင်းချနေကြတာကို တွေ့ရပါတယ်။ ကျန်းမာရေးအရ နို့ဆီနဲ့ သကြားရှောင်သူတချို့ကတော့ ကော်ဖီမစ်ပလိန်းကို ရွေးချယ်သောက်သုံးလာကြတယ်လို့ ဆိုပါတယ်။

“ဆိုင်ခန်းခတွေက အရင်လို မဟုတ်တော့ဘူး။ ကျွန်တော်တို့တောင် နှစ်ကြာဖွင့်လာတာ အခုဆို ဆိုင်ခန်းရှင်က ဈေးတိုးတိုးပြီးယူလာတာ တစ်လ သိန်း ၃၀ လောက် ဖြစ်လာတယ်။ အဲဒီတော့ မကိုက်တော့လို့ စားသောက်ကုန်ဈေးတွေ တက်ရောင်းရတာပဲ။ ဒါပေမယ့် ရောင်းအားကတော့ တက်မလာဘူး” လို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

ယခင်က လူတန်းစားမရွေး နံနက်ခင်း အပန်းဖြေရာအဖြစ် စည်ကားခဲ့တဲ့ ရန်ကုန်မြို့ရဲ့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဟာ လက်ရှိမှာတော့ ကုန်ဈေးနှုန်းမြင့်တက်မှုရဲ့ သက်ရောက်မှုကို ရင်ဆိုင်နေရပါတယ်။

ကုန်ကျစရိတ်သက်သာဖို့ အိမ်မှာပဲ ကိုယ်တိုင်ဖျော်သောက်သူတွေ ပိုများလာတာကြောင့် လက်ဖက်ရည်ဆိုင်တွေရဲ့ ရောင်းအားအပေါ်လည်း ဆက်ပြီး သက်ရောက်လာနိုင်တယ်လို့ ဆိုင်ရှင်တွေနဲ့ စားသုံးသူတွေက သုံးသပ်နေကြပါတယ်။

“ဆိုင်ခန်းခတက်တိုင်း စားသောက်ကုန်ဈေးကို လိုက်တက်ရင်တော့ ဘယ်အဆင်ပြေမလဲ။ မကိုက်ရင် မဖွင့်တာပဲကောင်းတယ်။ တချို့ဆိုင်တွေက ၁,၅၀၀ တောင်းတယ်။ တချို့ဆိုင်တွေက ၂,၀၀၀ တောင်းတယ်။ အခုတော့ အိမ်မှာပဲ တစ်ထုပ် ၆၀၀ နဲ့ ဝယ်ဖျော်သောက်တော့တယ်။ အလုပ်ကိစ္စပြောစရာရှိရင်လည်း ဆိုင်မထိုင်တော့ဘဲ အိမ်မှာပဲ ချိန်းပြီး ပြောဖြစ်ကြတယ်” လို့ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဆက်စပ် သတင်းများ

Most Read