Homeပြည်တွင်းသတင်းမြန်မာနိုင်ငံကို ပို့မယ့် ဘတ်ငွေ ၂၃ သန်းကျော် နဲ့ အတူ မြန်မာတဦး မယ်ဆိုင်နယ်စပ်မှာ ဖမ်းဆီးခံရ

မြန်မာနိုင်ငံကို ပို့မယ့် ဘတ်ငွေ ၂၃ သန်းကျော် နဲ့ အတူ မြန်မာတဦး မယ်ဆိုင်နယ်စပ်မှာ ဖမ်းဆီးခံရ

၂၆ ဇွန် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ အမှတ် ၁ ထိုင်း–မြန်မာ ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်မှာ အစားအသောက်ပုံးတွေအတွင်း ဝှက်ထားတဲ့ ထိုင်းဘတ်ငွေ ၂၃ သန်းကျော်ကို အကောက်ခွန်အရာရှိတွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်မှာ ထိုင်းဘက်ကနေ တာချီလိတ်မြို့ဘက်ကို မောင်းနှင်လာတဲ့ မြန်မာနိုင်ငံလိုင်စင်နံပါတ်တပ် ကိုယ်ပိုင်ကားတစ်စီးကို အကောက်ခွန်အရာရှိတွေက စစ်ဆေးရာကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကားအတွင်းမှာ ငါးအမျှင်မုန့်တွေ ထည့်ထားတယ်လို့ ဖော်ပြထားတဲ့ ပုံးတစ်ပုံးနဲ့ အာလူးတွေ ထည့်ထားတယ်လို့ ဖော်ပြထားတဲ့ ပုံးတစ်ပုံးကို တွေ့ရှိခဲ့ပါတယ်။

အရာရှိတွေက ပုံးတွေကို ဖွင့်လှစ်စစ်ဆေးရာမှာတော့ ဘတ် ၁,၀၀၀ တန် ငွေစက္ကူတွေကို အထုပ်လိုက် တွေ့ရှိခဲ့ပြီး ငွေစက္ကူအထုပ်တစ်ထုပ်ချင်းစီမှာ ထိုင်းဘဏ်အမျိုးမျိုးရဲ့ ငွေစည်းကြိုးတွေ ပတ်ထားတယ်လို့ ဆိုပါတယ်။

ပထမပုံးထဲမှာ ဘတ်ငွေ ၁၇ သန်းနဲ့ ဒုတိယပုံးထဲမှာ ဘတ်ငွေ ၆,၀၂၃,၀၀၀ တွေ့ရှိခဲ့ပြီး စုစုပေါင်း ဘတ်ငွေ ၂၃,၀၂၃,၀၀၀ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ကားကို တစ်ဦးတည်း မောင်းနှင်လာတဲ့ အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေ မဆောင်ရွက်ဘဲ ဘတ်ငွေတွေကို ထိုင်းနိုင်ငံပြင်ပဆီ တရားမဝင်ထုတ်ယူဖို့ ကြိုးပမ်းခဲ့တာလို့ စွပ်စွဲပြီး ၂၀၁၇ ခုနှစ် အကောက်ခွန်ဥပဒေနဲ့ ၁၉၄၂ ခုနှစ် နိုင်ငံခြားငွေလဲလှယ်မှုထိန်းချုပ်ရေးဥပဒေတို့အရ အမှုဖွင့်ထားပါတယ်။

ဖမ်းဆီးခံရသူနဲ့ သိမ်းဆည်းရမိတဲ့ ငွေတွေကို မယ်ဆိုင်ရဲစခန်းထံ လွှဲပြောင်းပေးထားပြီး ငွေတွေရဲ့ မူလဇာစ်မြစ်နဲ့ ဆက်စပ်သူတွေကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ငွေတွေဟာ ဘယ်သူပိုင်ဆိုင်တယ်၊ ဘယ်ကနေ ရရှိလာတယ်နဲ့ တာချီလိတ်ဘက်ကို ဘာရည်ရွယ်ချက်နဲ့ သယ်ဆောင်လာတယ်ဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေက အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most Read