Homeပြည်တွင်းသတင်းမယ်ဆိုင်မှာ အိုက်စ် ၇ ကီလိုနဲ့ မြန်မာအလုပ်သမားတစ်ဦး ဖမ်းဆီးခံရ၊ ငါးရှာရင်း မူးယစ်ဆေးအိတ်တွေ တွေ့ခဲ့တာလို့ ရဲကိုပြော

မယ်ဆိုင်မှာ အိုက်စ် ၇ ကီလိုနဲ့ မြန်မာအလုပ်သမားတစ်ဦး ဖမ်းဆီးခံရ၊ ငါးရှာရင်း မူးယစ်ဆေးအိတ်တွေ တွေ့ခဲ့တာလို့ ရဲကိုပြော

ဩဂုတ် ၁၁၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်မှာ အိုက်စ် မူးယစ်ဆေးဝါး ၇ ကီလိုဂရမ်နဲ့အတူ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား ကျော်နိုင်ဦး ဆိုသူကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မယ်ဆိုင်ရဲတပ်ဖွဲ့က ကျော်နိုင်ဦးကို ဩဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီခန့်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူဟာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်စာအုပ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာ မယ်ဆိုင်မြို့နယ်၊ ကိုချန်းအုပ်စု၊ အမှတ် ၁၀ ကျေးရွာမှာ နေထိုင်နေသူဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

မယ်ဆိုင်ရဲတပ်ဖွဲ့က ဝိန်းဖန်ခမ်းအုပ်စု၊ အမှတ် ၉ ကျေးရွာ ဘန်ပါမွတ် ဆုခ်ဆမ်ရန် အနီးက မြေကွက်ခွဲရောင်းထားတဲ့ နေရာဘေး ချုံနွယ်တောထဲမှာ မူးယစ်ဆေးဝါးတွေ သိုဝှက်ထားတယ်ဆိုတဲ့ သတင်းရရှိပြီး သွားရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

ရဲတွေ ရောက်ရှိချိန်မှာ ကျော်နိုင်ဦးနဲ့ သူ့ညီဖြစ်သူတို့ ဆိုင်ကယ်တစ်စီးနဲ့ အဲဒီနေရာအနီးမှာ ရှိနေတာကို တွေ့ရှိခဲ့ပြီး သံသယရှိတာကြောင့် ရှာဖွေစစ်ဆေးခဲ့ပါတယ်။ အစပိုင်းရှာဖွေချိန်မှာတော့ သူတို့ဆီက တရားမဝင်ပစ္စည်း တစ်စုံတစ်ရာ မတွေ့ခဲ့ဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ဖော်ပြောဆိုချက်အရ ကျော်နိုင်ဦးက ဩဂုတ် ၈ ရက်မှာ သူ့ညီနဲ့အတူ အဲဒီနေရာကို ငါးရှာထွက်ခဲ့ပြီး ချုံနွယ်တောထဲမှာ အနက်ရောင်ပလတ်စတစ်အိတ်ကြီး ၄ အိတ်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။ အိတ်တွေကို ဖွင့်ကြည့်ရာမှာ ဆာလာအိတ် ၄ အိတ်ရှိပြီး အတွင်းမှာ လက်ဖက်ခြောက်ထုပ်ပုံစံ အစိမ်းရောင်အိတ်တွေနဲ့ ထည့်ထားတဲ့ အိုက်စ်မူးယစ်ဆေးဝါးတွေကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ကျော်နိုင်ဦးဟာ အဲဒီမူးယစ်ဆေးတွေ တန်ဖိုးကြီးတယ်ဆိုတာ သိတာကြောင့် တစ်ကီလိုဂရမ်စီ ပါတဲ့ အိုက်စ် ၇ ထုပ်ကို ယူပြီး မူလနေရာနဲ့မတူတဲ့ ချုံနွယ်တစ်နေရာမှာ ပြန်လည်သိုဝှက်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့ကြောင်း Channel 7 သတင်းက ဖော်ပြပါတယ်။ သူ့ညီဖြစ်သူကတော့ ဒီကိစ္စကို မသိခဲ့ဘူးလို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ကျော်နိုင်ဦးက သိုဝှက်ထားတဲ့ အိုက်စ် ၇ ကီလိုကို ရဲတပ်ဖွဲ့ထံ လိုက်လံပြသခဲ့ပြီး ရဲတွေက သိမ်းဆည်းခဲ့ပါတယ်။ ဒါ့အပြင် သူစတင်တွေ့ရှိခဲ့တယ်ဆိုတဲ့ မူးယစ်ဆေး ဆာလာအိတ် ၄ အိတ်ရှိရာ နေရာကို ရဲတွေကို ခေါ်သွားခဲ့ပေမယ့် အဲဒီနေရာရောက်ချိန်မှာ မူးယစ်ဆေးအိတ်တွေ မရှိတော့ဘဲ မြက်ပင်တွေ ဖိနင်းထားတဲ့ အမှတ်အသားတွေကိုသာ တွေ့ခဲ့ရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ မူးယစ်ဆေးဝါးကုန်ကူးတဲ့ အဖွဲ့တစ်ဖွဲ့က အိုက်စ်တွေကို ထိုင်းနိုင်ငံအတွင်းပိုင်းကို ဆက်လက်သယ်ဆောင်ဖို့ အဲဒီနေရာမှာ ခေတ္တထားခဲ့တာ ဖြစ်နိုင်ပြီး၊ မူးယစ်ဆေးတချို့ ပျောက်ဆုံးနေတာ သိရှိသွားပြီးနောက် ကျန်ရှိတဲ့ အိတ်တွေကို အခြားနေရာကို အလျင်အမြန် ရွှေ့ပြောင်းသွားတာ ဖြစ်နိုင်တယ်လို့ ကနဦးယူဆထားပါတယ်။ ဒါဟာ ရဲတပ်ဖွဲ့ရဲ့ ကနဦးယူဆချက်သာ ဖြစ်ပြီး ကျန်မူးယစ်ဆေးပမာဏနဲ့ ပိုင်ရှင်တွေကို လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။

ကျော်နိုင်ဦးကိုတော့ အိုက်စ် ၇ ကီလိုဂရမ်နဲ့အတူ မယ်ဆိုင်ရဲစခန်းကို လွှဲပြောင်းပြီး ထိုင်းမူးယစ်ဆေးဝါးဥပဒေအရ ဆက်လက်အရေးယူဖို့ စစ်ဆေးနေပါတယ်။

Related News

Most Read