Homeပြည်တွင်းသတင်းထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီး တဦးကို သတ်မှုနဲ့ မြန်မာအလုပ်သမားခေါင်းဆောင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီး တဦးကို သတ်မှုနဲ့ မြန်မာအလုပ်သမားခေါင်းဆောင် ဖမ်းဆီးခံရ

၃ ဩဂုတ် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ချာချိုင်းဆောင်ခရိုင်၊ ဘန်ဖိုးမြို့နယ်မှာ အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသမီး မတင်စန္ဒာလင်း သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားခေါင်းဆောင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရားရုံးမှာ ချုပ်မိန့်တောင်းခံထားပါတယ်။

မတင်စန္ဒာလင်းဟာ ဘန်ဖိုးမြို့နယ်ရှိ ငါးပြုပြင်ရေးစက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဇူလိုင် ၂၅ ရက် ည ၉ နာရီဝန်းကျင်မှာ ဖုန်းပြောရင်း အလုပ်သမားနေထိုင်ရာအခန်းကနေ ထွက်ခွာသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက လိုက်လံရှာဖွေခဲ့ကြပြီး ဇူလိုင် ၂၇ ရက် ညနေပိုင်းမှာ စက်ရုံအနီး လမ်းဘေးမြက်တောထဲက မတင်စန္ဒာလင်းရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ရုပ်အလောင်းရဲ့ လည်ပင်းမှာ ချွန်ထက်တဲ့အရာနဲ့ ထိခိုက်ထားတဲ့ ဒဏ်ရာတွေ့ရှိခဲ့ပြီး လက်တစ်ဖက်မှာ ဆံပင်တစ်စည်းကို ဆုပ်ကိုင်ထားတာကြောင့် ရဲတပ်ဖွဲ့က အရေးပါတဲ့ သက်သေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က စက်ရုံအတွင်းရှိ အလုပ်သမားနဲ့ ဆက်စပ်သူ ၃၆ ဦးဆီက DNA နမူနာတွေ ရယူစစ်ဆေးခဲ့သလို CCTV မှတ်တမ်းတွေနဲ့ ဖုန်းဆက်သွယ်မှုမှတ်တမ်းတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။

နောက်ပိုင်းမှာ အသက် ၃၇ နှစ်အရွယ် မြန်မာအလုပ်သမားခေါင်းဆောင် သန်းဇော်ဝင်း ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ CCTV မှတ်တမ်းအရ သူဟာ အလုပ်သမားစခန်းကို ဆိုင်ကယ်နဲ့ လာရောက်ပြီး ငါးလှီးရာမှာ အသုံးပြုတဲ့ဓားကို ယူဆောင်သွားတဲ့ မြင်ကွင်းတွေကို ရဲတပ်ဖွဲ့က အရေးပါတဲ့ သက်သေအဖြစ် အသုံးပြုခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

သံသယရှိသူက မတင်စန္ဒာလင်းကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ဓားနဲ့ ဖုန်းကို ရေထဲစွန့်ပစ်ခဲ့တဲ့နေရာကို လိုက်လံပြသခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ သံသယရှိသူက ငြင်းဆိုထားပြီး ရဲတပ်ဖွဲ့က မှုခင်းဆေးပညာစစ်ဆေးချက်ကို ဆက်လက်စောင့်ဆိုင်းနေပါတယ်။

ထိုင်းရဲတပ်ဖွဲ့က သံသယရှိသူကို လူသတ်မှုနဲ့ အများပြည်သူဆိုင်ရာနေရာမှာ အကြောင်းပြချက်မရှိဘဲ လက်နက်ကိုင်ဆောင်မှုတို့နဲ့ ကနဦးအမှုဖွင့်ထားပြီး ဩဂုတ် ၁ ရက်မှာ ချာချိုင်းဆောင်ခရိုင်တရားရုံးကို ပို့ဆောင်ကာ ချုပ်မိန့်တောင်းခံခဲ့ပါတယ်။ မှုခင်းဆေးပညာရလဒ်တွေအပေါ်မူတည်ပြီး ထပ်တိုးစွဲချက်တွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။

မတင်စန္ဒာလင်းရဲ့ ရုပ်အလောင်းကို ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ဈာပနအခမ်းအနားပြုလုပ်ပြီး မီးသင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Related News

Most Read