Homeပြည်တွင်းသတင်းသံလွင်မြစ်ရေ အတက်ကြမ်းပြီး ကမ်းပါးပြို၊ ပေါင်မြို့နယ်မှာ နေအိမ်တွေ အရေးပေါ်ရွှေ့ပြောင်းရ

သံလွင်မြစ်ရေ အတက်ကြမ်းပြီး ကမ်းပါးပြို၊ ပေါင်မြို့နယ်မှာ နေအိမ်တွေ အရေးပေါ်ရွှေ့ပြောင်းရ

၂၅ ဇွန် ၂၀၂၆ | New Day Myanmar

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး သံလွင်မြစ်ရေ တဟုန်ထိုးမြင့်တက်လာတာကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာမှာ မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျနေပြီး စိုးရိမ်ဖွယ်အခြေအနေ ရှိနေတယ်လို့ ဒေသခံလူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၇ လုံးခန့်ကို အရေးပေါ်ဖျက်သိမ်းပြီး ဘေးလွတ်ရာဆီ အမြန်ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီရက်ပိုင်း မိုးဆက်တိုက်ရွာနေပြီး မြစ်ရေစီးကလည်း အရမ်းကြမ်းလာပါတယ်။ ကမ်းပါးတွေ တဖြည်းဖြည်းပြိုကျနေတာကြောင့် မြစ်ကမ်းအနီးက နေအိမ်တွေကို အရေးပေါ်ရွှေ့နေကြပါတယ်။ မိုးဆက်ကောင်းနေရင် မြစ်ရေ ပိုတက်ကြမ်းလာနိုင်ပါတယ်။ လောလောဆယ် လူအသေအပျောက်မရှိသေးဘဲ မြစ်ရေအခြေအနေကို စောင့်ကြည့်နေပါတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်ကလည်း ပေါင်မြို့နယ်အတွင်း ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၈ လုံးကို ဖျက်သိမ်းပြီး အရေးပေါ်ရွှေ့ပြောင်းခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြစ်ကမ်းအနီးနေထိုင်သူတွေကို သတိထားနေထိုင်ကြဖို့ အသိပေးထားပြီး မြစ်ရေအခြေအနေနဲ့ ကမ်းပါးပြိုကျမှုကို ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်စောင့်ကြည့်နေကြပါတယ်။

ဆက်စပ် သတင်းများ

Most Read