၁၈ မတ် ၂၀၂၆ | New Day Myanmar
ကရင်နီပြည်နယ်ထဲမှာ အာဆင်းနစ် (Arsenic) ပါဝင်မှု မြင့်တက်နေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းထဲက ရေနေသတ္တဝါတွေကို ဓာတ်ခွဲစမ်းသပ်နေတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ချင်းမိုင်တက္ကသိုလ် (သဘာဝပတ်ဝန်းကျင် သုတေသနဌာန) တို့ ပူးပေါင်းပြီး သံလွင်မြစ်အထက်ပိုင်း (ရှမ်း-ကရင်နီနယ်စပ်)၊ သံလွင်မြစ်အလယ်ပိုင်းနဲ့ သံလွင်မြစ်အောက်ပိုင်း (ကရင်နီ-ကရင်/ကော်သူးလေ နယ်စပ်) တစ်လျှောက် နေရာ (၁၀) ခုနဲ့ မိုလိုချောင်းမှာ နေရာ (၁) ခုတို့မှာ ရေနမူနာတွေ ယူပြီး သုံးရက်တာ ဓာတ်ခွဲစမ်းသပ်ခဲ့ရာ အာဆင်းနစ် အဆိပ်ပမာဏ (၄) ဆကနေ (၅၅.၃) ဆအထိ ပါဝင်မှု မြင့်မားနေတယ်လို့ တွေ့ရကြောင်း ကိုဗညားက ပြောပါတယ်။
“ရေနေသတ္တဝါတွေကို စစ်တဲ့ဟာပါ။ ဓာတ်ခွဲခန်းပို့တဲ့ဟာတွေ ဆက်လုပ်ဖို့ရှိပါတယ်။ မြေဆီလွှာတွေ၊ မြေကြီးတွေကိုလည်း ထပ်စစ်ရပါမယ်။ နောက်ပြီး ချောင်းဘေးတစ်လျှောက်မှာ ပေါက်နေတဲ့ စားပင်သောက်ပင်တွေကိုလည်း စစ်ဆေးဖို့ရှိပါတယ်” လို့ ကိုဗညားက ပြောပါတယ်။
IEC က စမ်းသပ်ခဲ့တဲ့ သံလွင်မြစ် နေရာ (၁၀) ခုမှာ အာဆင်းနစ် (Arsenic) အဆိပ်ပါဝင်မှုဟာ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ ရေထဲမှာ ပါဝင်နိုင်တဲ့ ပမာဏ (၀.၀၁) mg/L ထက် (၀.၀၄၂) mg/L ကနေ (၀.၀၉၆) mg/L အထိ မြင့်တက်နေပြီး မိုလိုချောင်းမှာတော့ (၀.၀၅၅၃) mg/L အထိ ရှိနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီနှစ်ထဲမှာတော့ အာဆင်းနစ်အဆိပ်သင့်မှုကို သံလွင်မြစ်နံဘေး ဒေသခံတွေ နဲ့ စစ်ရှောင်တွေထဲမှာ ခံစားရတာမျိုး မရှိသေးဘူးလို့ New Day Myanmar က စုံစမ်းသိရပါတယ်။
လက်ရှိမှာတော့ အာဆင်းနစ်ပါဝင်မှု မြင့်တဲ့ ရေတွေကို မသုံးစွဲ မသောက်သုံးဖို့နဲ့ အဲ့ဒီရေထဲက ရေနေသတ္တဝါတွေကို စားမယ်ဆိုရင် အူထုတ်၊ ခေါင်းဖြတ်ပြီး စွန့်ပစ်ဖို့ လိုအပ်တယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – New Day Myanmar
ပုံစာ – အားဆင်းနစ်ဓာတ်များပါဝင်နေသည့် သံလွင်မြစ်အား တွေ့ရစဉ်။


