၂၀ မတ် ၂၀၂၆ | New Day Myanmar
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကနေ လွှတ်တော်တွေ ပြုလုပ်နေရာမှာရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတ မဲဆန္ဒနယ်က ဦးဌေးအောင်ကို ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် မြောက်ဥက္ကလာ မဲဆန္ဒနယ်က ဦးကျော်ကျော်စိုးကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
ဦးဌေးအောင်ဟာ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လူမှုရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဦးကျော်ကျော်စိုးဟာလည်း လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။
ရန်ကုန်တိုင်းလွှတ်တော် သဘာပတိအဖြစ် မရမ်းကုန်း မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းကိုလည်း ရွေးချယ်ခဲ့ပါတယ်။
လက်ရှိ စစ်ကော်မရှင်က ပြုလုပ်တဲ့ တတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၉၂ ယောက်၊ စစ်ကော်မရှင်ဘက်က ကိုယ်စားလှယ် ၃၁ ယောက် စုစုပေါင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ မန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်မိုးကို ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့်ကို ရွေးချယ်ခဲ့ပါတယ်။
ဦးအောင်ကျော်မိုးဟာ USDP ပါတီရဲ့ မန္တလေးတိုင်းပါတီဥက္ကဋ္ဌဖြစ်ပြီး မိတ္ထီလာမြို့ မဲဆန္ဒနယ်က တက်လာတဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။ ဦးကျော်မြင့်ကတော့ ရမည်းသင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်က တက်လာတဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။
ပြည်သူလူထု မလိုလားတဲ့ ရွေးကောက်ပွဲကို စစ်ကော်မရှင်က ပြုလုပ်ပြီး မတ်လ ၁၆ ရက်ကစပြီး လွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပနေတာပါ။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ကျင်းပပြီးနောက် ဒီနေ့ မတ်လ ၂၀ ရက်မှာ နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ပြုလုပ်နေပြီး တိုင်းနဲ့ ပြည်နယ်တွေမှာလည်း လွှတ်တော်အစည်းအဝေးတွေ ဆက်လက် ပြုလုပ်နေတာပါ။


