Homeပြည်တွင်းသတင်းမိုးညိုတွင် ၃ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သူ စစ်ပြေးတစ်ဦးအား ဖမ်းဆီးရမိ

မိုးညိုတွင် ၃ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သူ စစ်ပြေးတစ်ဦးအား ဖမ်းဆီးရမိ

၂၇ မေ ၂၀၂၆ | New Day Myanmar

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှာ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ပြေးတစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီဖြစ်စဉ်ဟာ မေလ ၁၉ ရက် နံနက်ပိုင်းက မိုးညိုမြို့နယ်၊ ကျားကျွန်းကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၃ နှစ်နဲ့ ၉ လအရွယ် မိန်းကလေးငယ်ရဲ့ နေအိမ်မှာ လူမရှိခိုက် ဝဲကြီးကျေးရွာဇာတိ အသက် ၃၀ အရွယ် အောင်စိုး (ခ) ရွှေလရောင် ဆိုသူက အိမ်နောက်ဖေးရှိ ထင်းစင်အနီးမှာ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူဟာ စစ်ပြေးတစ်ဦးဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေအကြား လုံခြုံရေးစိုးရိမ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီသတင်းကို ကြားပါတယ်။ ဒါက လူ့အသိုင်းအဝိုင်းထဲမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စပါ။ အခု ဖမ်းထားတယ်ဆိုတော့ အမှုနှစ်မှု ဖြစ်နိုင်တယ်။ ဒီလိုလူမျိုးတွေကို ပြစ်ဒဏ်ကြီးကြီး ချမှတ်သင့်တယ်။ စစ်ပြေးဆိုပြီး နောက်ထပ် စစ်မှုထမ်းပြန်ခိုင်းတာမျိုး လုပ်ရင်တော့ ဒေသခံတွေ လက်ခံနိုင်မှာ မဟုတ်ဘူး” လို့ မိုးညိုမြို့နယ် ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် ရပ်ရွာအတွင်း ကလေးသူငယ်လုံခြုံရေးနဲ့ ပတ်ဝန်းကျင်မှာ မသင်္ကာဖွယ် လူစိမ်းတွေကို အထူးသတိထား စောင့်ကြည့်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ ဒေသခံတွေအကြား ဝေဖန်သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး