၁၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ နခွန်ပထုမ်ခရိုင်မှာ အလုပ်ပေးမယ်ဆိုပြီး မြန်မာအမျိုးသားတဦးက လိမ်လည်ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ပြီး ၇ ရက်ကျော် ချုပ်နှောင်ထားခဲ့တယ်လို့ မြန်မာအမျိုးသမီးတဦးက ထွက်ဆိုထားပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးကာ စစ်တပ်စခန်းတခုမှာ အကူအညီတောင်းခံခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက် ည ၈ နာရီခွဲဝန်းကျင်က အသက် ၂၆ နှစ်အရွယ် မွန်တိုင်းရင်းသူ မြန်မာအမျိုးသမီးဟာ အဖြူရောင် Honda ဆိုင်ကယ်တစီးနဲ့ နခွန်ပထုမ်မြို့ရှိ ထိုင်းတော်ဝင်ကြည်းတပ် တိရစ္ဆာန်ဆေးဘက်ဌာနလက်အောက်က Thong Tee Khayu စစ်စခန်းအတွင်း ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။
သူဟာ စခန်းကို ရောက်ရှိချိန် အလွန်ထိတ်လန့်နေပြီး ထိုင်းစကားမပြောတတ်တာကြောင့် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လက်ထိတ်ခတ်ပေးဖို့ အမူအရာနဲ့ အကူအညီတောင်းခဲ့တယ်လို့ စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်တပ်ဝန်ထမ်းတွေက သူမကို လုံခြုံတဲ့နေရာမှာ ထားရှိပြီး စိတ်တည်ငြိမ်လာအောင် ကူညီခဲ့သလို ဘာသာပြန်တဦးကို ခေါ်ယူကာ အခြေအနေကို မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် နခွန်ပထုမ်မြို့မရဲစခန်းကို ဆက်သွယ်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်ဖို့ လွှဲပြောင်းပေးခဲ့ပါတယ်။
သူ့ရဲ့ ထွက်ဆိုချက်အရ သူမဟာ Facebook ကတဆင့် မြန်မာအမျိုးသားတဦးနဲ့ သိကျွမ်းခဲ့ပြီး အဲဒီအမျိုးသားက နခွန်ပထုမ်ခရိုင်မှာ အလုပ်ရမယ်ဆိုပြီး ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။ သူ့ကို ကန်ချနဘူရီခရိုင်ရှိ ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ ပွဲစားတဦးက သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့လည်း ပြောပါတယ်။
နခွန်ပထုမ်ကို ရောက်လာပြီးနောက် အဲဒီအမျိုးသားက သူ့ကို အဓမ္မပြုကျင့်ကာ နေအိမ်အတွင်း ၇ ရက်ကျော် ချုပ်နှောင်ထားခဲ့သလို အပြင်ထွက်ခွင့်မပေးဘဲ ဇနီးအဖြစ် အတင်းအကျပ် လက်ခံဖို့ ဖိအားပေးခဲ့တယ်လို့ သူက ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။
ဖြစ်စဉ်နေ့မှာ အဲဒီအမျိုးသားဟာ အရက်သောက်ပြီး အိပ်ပျော်နေချိန် အဆိုပါ မြန်မာအမျိုးသမီးက ဖုန်းတလုံးနဲ့ ဆိုင်ကယ်ကို ယူပြီး ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။ ဆိုင်ကယ်ဆီ ဘတ် ၃၀ ဖိုးသာ ဖြည့်ကာ လမ်းမသိဘဲ မောင်းနှင်လာစဉ် စစ်တပ်စခန်းကို တွေ့ရှိတာကြောင့် လုံခြုံတဲ့နေရာဖြစ်မယ်လို့ ယုံကြည်ပြီး ဝင်ရောက်အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ သူစီးလာတဲ့ ဆိုင်ကယ်ကို ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းကစပြီး Kamphaeng Saen ရဲစခန်းမှာ ပျောက်ဆုံးကြောင်း တိုင်ကြားထားတာ တွေ့ရှိခဲ့ပါတယ်။ ဆိုင်ကယ်ပျောက်ဆုံးကြောင်း တိုင်ကြားသူဟာ မအေတုဆာက သူ့ကို ချုပ်နှောင်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ မြန်မာအမျိုးသားဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က ဆိုင်ကယ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားပြီး အဲ့ဒီမြန်မာအမျိုးသမီးကို နစ်နာသူကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်အောက် ထားရှိကာ အမှုအသေးစိတ်ကို ဆက်လက်စစ်ဆေးနေပါတယ်။
အဲဒီအမျိုးသားအပေါ် လူကိုတရားမဝင် ချုပ်နှောင်ထားမှုနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ စစ်ဆေးသွားမှာဖြစ်ပြီး အမှုအတည်ပြုနိုင်ဖို့ မအေတုဆာရဲ့ ထွက်ဆိုချက်၊ ဆေးစစ်ချက်၊ မျက်မြင်သက်သေနဲ့ အခြားအထောက်အထားတွေကို ဆက်လက်စုဆောင်းနေတယ်လို့ သိရပါတယ်။


