၂၇ ဇွန် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဖလီမြို့နယ်မှာရှိတဲ့ အဆောင်တစ်ခုရဲ့ ၃ ထပ်ကနေ ပြုတ်ကျပြီး အသက် ၂၆ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဖြစ်စဉ်ဟာ ဇွန်လ ၂၇ ရက် မနက် ၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အာတိုးလို့ အမည်ရတဲ့ မြန်မာနိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို အဆောင်နှစ်ခုကြားက လမ်းပေါ်မှာ တွေ့ရှိခဲ့ပြီး အနီးမှာ အမျိုးသမီးအတွင်းခံတွေ ချိတ်ဆွဲထားတဲ့ အဝတ်လှန်းစင်တစ်ခုကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့ အခန်းမှာ တစ်ယောက်တည်းနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ထိုင်းအမျိုးသမီးက အခန်းနောက်ဘက် ဝရန်တာကနေ အသံကျယ်ကြားရတာကြောင့် တံခါးဖွင့်ကြည့်ခဲ့ရာ အမျိုးသားတစ်ဦးက ဝရန်တာကနေတစ်ဆင့် အခန်းထဲဝင်ရောက်ဖို့ ကြိုးစားနေတာကို တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။
အဲဒီအမျိုးသမီးက ထိတ်လန့်ပြီး တံခါးကို အမြန်ပြန်ပိတ်ခဲ့ပြီး တစ်မိနစ်မပြည့်ခင်မှာ အောက်ဘက်ကနေ ပြုတ်ကျသံကြားရတာကြောင့် သွားကြည့်ရာ အမျိုးသားကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းစစ်ဆေးချက်အရ သေဆုံးသူဟာ မျက်နှာချင်းဆိုင်အဆောက်အအုံက အခန်းတစ်ခန်းမှာ သူငယ်ချင်းသုံးဦးနဲ့အတူ နေထိုင်သူဖြစ်ပြီး အခင်းမဖြစ်ခင်မှာ တစ်ယောက်တည်း ဘီယာသောက်နေခဲ့တယ်လို့ သိရပါတယ်။
အဆောင်နှစ်ခုရဲ့ ဝရန်တာတွေဟာ ၁ ဒသမ ၅ မီတာခန့်သာ ကွာဝေးတာကြောင့် သေဆုံးသူက ဝရန်တာတစ်ခုကနေ တစ်ခုကို ခုန်ကူးခဲ့တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
အမျိုးသမီးရဲ့ အခန်းထဲကို မသင့်တော်တဲ့ရည်ရွယ်ချက်နဲ့ ဝင်ရောက်ဖို့ ကြိုးစားခဲ့တာ ဒါမှမဟုတ် အမျိုးသမီးအတွင်းခံတွေကို ခိုးယူဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ကနဦးယူဆထားပေမယ့် အဲဒီယူဆချက်တွေကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အမျိုးသမီးက မြင်တွေ့သွားချိန်မှာ အလျင်အမြန် ပြန်ထွက်ဖို့ ကြိုးစားရာကနေ ဟန်ချက်ပျက်ပြီး ပြုတ်ကျခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
ဖြစ်စဉ်အကြောင်းရင်းနဲ့ သေဆုံးသူရဲ့ လုပ်ရပ်အမှန်ကို သိရှိနိုင်ဖို့ ရဲတပ်ဖွဲ့က သက်သေတွေနဲ့ ပတ်ဝန်းကျင်က လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ဆက်လက်စစ်ဆေးနေပါတယ်။
ကိုးကား — Khaosod


