ဩဂုတ် ၆၊ ၂၀၂၆ | New Day Myanmar
နေပြည်တော် သမ္မတ မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်ကို ကန့်ကွက်ပြီး စစ်အုပ်စုအတွက် အကျိုးဖြစ်စေတဲ့ မူဝါဒတွေ ရပ်တန့်ကာ မင်းအောင်လှိုင်ကို နိုင်ငံရေးအရ တရားဝင်မှု မပေးဖို့ ထိုင်းအစိုးရကို ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။
Solidarity Collective TH နဲ့ Spirit in Education Movement (SEM) အပါအဝင် အဖွဲ့အစည်း ၁၆ ဖွဲ့က ဩဂုတ် ၅ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုတွေ၊ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
စစ်အုပ်စုနဲ့ ဆက်လက်ထိတွေ့ဆက်ဆံတာဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘဲ စစ်အုပ်စုအုပ်ချုပ်မှုကို ပိုမိုသက်ဆိုးရှည်စေကာ ဒေသတွင်းမတည်ငြိမ်မှုကို ဆက်လက်ဖြစ်ပေါ်စေနိုင်တယ်လို့ အဖွဲ့တွေက သတိပေးပါတယ်။
ထိုင်းအစိုးရအနေနဲ့ စစ်အုပ်စုကို အကျိုးဖြစ်စေတဲ့ စီးပွားရေး၊ သံတမန်ရေးနဲ့ တခြားပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ရပ်တန့်ဖို့၊ ထိုင်းနိုင်ငံအတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စစ်ဘေးရှောင်တွေအတွက် အကာအကွယ်ပိုမိုပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ ထိန်းချုပ်မှုကင်းလွတ်တဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး လမ်းကြောင်းတွေကို ချဲ့ထွင်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်သေးသရွေ့ စစ်အုပ်စုကို အာဆီယံအတွင်း အပြည့်အဝ ပြန်လည်ပါဝင်ခွင့်မပေးဖို့ တိုက်တွန်းထားပါတယ်။
“ထိုင်းနိုင်ငံဟာ အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေရဲ့ဘက်မှာ မဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ဘက်မှာ ရပ်တည်ရမယ်” လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
နေပြည်တော်သမ္မတ မင်းအောင်လှိုင်ဟာ ဩဂုတ် ၆ ရက်မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာပြီး ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်နဲ့ ဘန်ကောက်မြို့မှာ တရားဝင်တွေ့ဆုံခဲ့ပါတယ်။ ထိုင်းအစိုးရက ဒီခရီးစဉ်ကို မြန်မာနဲ့ ချိန်ညှိထိတွေ့ဆက်ဆံရေး ပြန်လည်တည်ဆောက်ပြီး အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်စေဖို့ ကြိုးပမ်းမှုအဖြစ် ရှင်းလင်းထားပါတယ်။
ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာသူတွေကတော့ တရားဝင်ကြိုဆိုမှုနဲ့ အဆင့်မြင့်တွေ့ဆုံမှုတွေဟာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုလျော့ကျလာခြင်းမရှိဘဲ နေပြည်တော်သမ္မတ မင်းအောင်လှိုင်ကို နိုင်ငံရေးတရားဝင်မှု ပေးအပ်ရာရောက်နိုင်တယ်လို့ ဝေဖန်ထားကြပါတယ်။

