Homeပြည်တွင်းသတင်းမင်းအောင်လှိုင်ကို တရားဝင်ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုဖို့ ထိုင်းအစိုးရကို Fortify Rights တိုက်တွန်း

မင်းအောင်လှိုင်ကို တရားဝင်ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုဖို့ ထိုင်းအစိုးရကို Fortify Rights တိုက်တွန်း

၁ ဩဂုတ် ၂၀၂၆ | New Day Myanmar

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို စစ်အုပ်စုအတွက် နိုင်ငံရေးတရားဝင်မှု ပေးအပ်တဲ့ခရီးစဉ်အဖြစ် အသုံးမချဘဲ အရပ်သားပြည်သူတွေကို ကာကွယ်ရေးနဲ့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေရေး ဖိအားပေးဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့ Fortify Rights က တိုက်တွန်းလိုက်ပါတယ်။

မင်းအောင်လှိုင်ဟာ ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဩဂုတ်လ ပထမပတ်အတွင်း ထိုင်းနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ Fortify Rights က ဇူလိုင် ၃၁ ရက်မှာ အခုလို ထုတ်ပြန်ခဲ့တာပါ။

“မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြီး စစ်ရာဇဝတ်မှုကျူးလွန်သူရဲ့ သွေးစွန်းနေတဲ့လက်ကို လက်ဆွဲနှုတ်ဆက်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေဆီ လုံးဝမှားယွင်းတဲ့ သတင်းစကားပေးပို့တာ ဖြစ်ပါတယ်” လို့ Fortify Rights လူ့အခွင့်အရေးကျွမ်းကျင်သူ သနိဒါ ပီယာချော့က ပြောပါတယ်။

ထိုင်းနဲ့ အာဆီယံအနေနဲ့ ပြည်တွင်းရေးမစွက်ဖက်ရေးမူနောက်ကွယ်မှာ ပုန်းကွယ်မနေဘဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးစံနှုန်းတွေ မြှင့်တင်နိုင်ရေး ပိုမိုတက်ကြွစွာ လုပ်ဆောင်ဖို့လည်း Fortify Rights က တောင်းဆိုပါတယ်။

စစ်အုပ်စုက ၂၀၂၅ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ ကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲနောက်ပိုင်း မင်းအောင်လှိုင်က သူ့ကိုယ်သူ “သမ္မတ” အဖြစ် ကြေညာခဲ့ပေမယ့် ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ ဩစတြေးလျတို့က ရွေးကောက်ပွဲရလဒ်ကို တရားဝင်အသိအမှတ်မပြုခဲ့သလို အာဆီယံကလည်း လက်မခံခဲ့ပါဘူး။

ဒါပေမဲ့ ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်းကက်ကယောက်က နေပြည်တော်ကိုသွားပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေကလည်း ဇူလိုင်လအတွင်း ဘန်ကောက်ကို လာရောက်ခဲ့ပါတယ်။ အဲဒီနောက် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်က မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံလာရောက်ဖို့ ဖိတ်ကြားခဲ့တာပါ။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှု၊ အကြောင်းမဲ့ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ တရားမဲ့သတ်ဖြတ်မှုနဲ့ အရပ်သားအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကျူးလွန်နေတယ်လို့ Fortify Rights က ဖော်ပြပါတယ်။

မြန်မာနိုင်ငံက စစ်ပွဲတွေကြောင့် လူ ၃ ဒသမ ၈ သန်းနီးပါး နေရပ်စွန့်ခွာနေရပြီး လူ ၁၆ သန်းကျော် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) ရှေ့နေချုပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ လျှောက်ထားခဲ့ပါတယ်။ အာဂျင်တီးနားဖက်ဒရယ်တရားရုံးကလည်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေအတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ စစ်အုပ်စုရဲ့ လက်နက်နဲ့ စစ်ဘက်သုံးပစ္စည်းဝယ်ယူမှုတွေမှာ ထိုင်းဘဏ်တွေက ငွေကြေးဝန်ဆောင်မှုပေးနေတာကို ပိတ်ပင်ပြီး စစ်ဘက်နဲ့ အရပ်ဘက်နှစ်မျိုးသုံး ကုန်ပစ္စည်းတွေ ရောင်းချမှုကိုလည်း တားဆီးဖို့ Fortify Rights က တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဒေသအလိုက် ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို နိုင်ငံရေး၊ စီးပွားရေးနဲ့ လိုအပ်တဲ့အရင်းအမြစ်တွေ ပံ့ပိုးပြီး စစ်အုပ်စုက အရပ်သားတွေအပေါ် တိုက်ခိုက်နေတာ ရပ်တန့်စေရေး နိုင်ငံတကာနဲ့ ပူးပေါင်းဖိအားပေးဖို့လည်း တိုက်တွန်းထားပါတယ်။

Related News

Most Read