ဩဂုတ် ၆၊ ၂၀၂၆ | New Day Myanmar
ကားဟောင်းအပ်နှံပြီး လျှပ်စစ်ကား (EV) အစားထိုးတင်သွင်းခွင့်ရနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်တွင်းကားဈေးကွက်မှာ သက်တမ်းနှစ် ၂၀ ကျော်၊ မော်ဒယ်နိမ့်နဲ့ အင်ဂျင်ပါဝါကြီး ကားဟောင်းတွေကို လိုက်လံဝယ်ယူမှု မြင့်တက်လာတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်း အဝယ်ပျောက်ပြီး အရောင်းအဝယ်အေးစက်နေခဲ့တဲ့ ကားဟောင်းဈေးကွက်ဟာ ဇူလိုင် ၂၁ ရက်နောက်ပိုင်း အဝယ်လိုက်သူတွေ ရုတ်တရက် များလာတာကြောင့် ဈေးနှုန်းတွေပါ ပြန်လည်မြင့်တက်လာတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ရန်ကုန်လိုင်စင်နဲ့ အရည်ကြိုကား လို့ ဈေးကွက်အတွင်း ခေါ်ဝေါ်ကြတဲ့ မော်ဒယ်နိမ့် ဂျပန်တစ်ပတ်ရစ်ကားတွေကို ပွဲစားတချို့က နေ့ညမနား လိုက်လံဝယ်ယူနေကြတယ်လို့ ကားအရောင်းအဝယ်အကျိုးဆောင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
“ကျွန်တော့်ကားကို အရင်က သိန်း ၄၀၀ ကျော်လောက်ပဲ ရှိတာ၊ အခု သိန်း ၆၀၀ ကျော်အထိ လာပေးတယ်။ မရောင်းသေးဘူး။ ရောင်းပြီး ပြန်ဝယ်ရင် ရတဲ့ငွေနဲ့ မမီတော့မှာ စိုးလို့ပါ။ တရားဝင်ပြောဖို့တော့ ခက်ပေမယ့် ကောလာဟလသတင်းတွေ ထွက်လာပြီးနောက်ပိုင်း အဝယ်တွေ သိသိသာသာ ပြန်လိုက်လာတယ်” လို့ ကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။
အခုလို ဝယ်လိုအားမြင့်တက်လာတာဟာ သက်တမ်းနှစ် ၂၀ ကျော် ကားဟောင်းတစ်စီး အပ်နှံရင် ပိုင်ရှင်ကိုယ်တိုင် EV ကားတစ်စီး အစားထိုးတင်သွင်းခွင့်ရမယ်ဆိုတဲ့ ဈေးကွက်သတင်းတွေနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ကားဟောင်းအပ်နှံမှု၊ အစားထိုးတင်သွင်းခွင့်နဲ့ ကားစလစ်ထုတ်ပေးမယ့် အသေးစိတ်သတ်မှတ်ချက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
စစ်အုပ်စုလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီအစဉ်အရ သက်တမ်းနှစ် ၂၀ ကျော်ကားတွေ၊ ဘေးကင်းစွာမောင်းနှင်နိုင်တဲ့အထိ ပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ကားတွေနဲ့ ပိုင်ရှင်ဆန္ဒအရ အပ်နှံလိုတဲ့ သက်တမ်းနှစ် ၂၀ အောက်ကားတွေကို ဖျက်သိမ်းအပ်နှံပြီး EV ကားတင်သွင်းခွင့် လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကားပိုင်ရှင်တွေဟာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးတဲ့ ယာဉ်ဖျက်သိမ်းကြောင်း ထောက်ခံချက်ပုံစံ (ဃ) တင်ပြရမှာဖြစ်ပြီး သက်ဆိုင်ရာကော်မတီရဲ့ စိစစ်ခွင့်ပြုချက်ရရင် လိုအပ်တဲ့ နိုင်ငံခြားငွေကို ဗဟိုဘဏ်က သတ်မှတ်နှုန်းထားနဲ့ ရောင်းချပေးမယ်လို့ ဆိုထားပါတယ်။
အဲဒီအစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းတွေ စတင်ထွက်ပေါ်ချိန်မှာ ၂၀၀၆ မော်ဒယ်အောက် ဂျပန်တစ်ပတ်ရစ်ကားတွေရဲ့ အဝယ်ကျဆင်းပြီး ဈေးကွက်အေးစက်ခဲ့ပေမယ့် လတ်တလောမှာ အဲဒီကားတွေကို ချက်ချင်းအပ်နှံဖို့ မလိုသေးဘူးဆိုတဲ့ နောက်ဆက်တွဲသတင်းတွေ ထွက်လာပြီးနောက် အဝယ်ပြန်များလာတာလို့ ဈေးကွက်အတွင်းက သိရပါတယ်။
ကားပိုင်ရှင်တချို့ကတော့ ဈေးကွက်အခြေအနေ ဆက်လက်ပြောင်းလဲနိုင်တာကြောင့် လက်ရှိကားတွေကို မရောင်းသေးဘဲ ထိန်းထားကြပြီး ဈေးနှုန်းပိုတက်လာမလားဆိုတာ စောင့်ကြည့်နေကြတယ်လို့ ကားအရောင်းအဝယ်လုပ်ကိုင်သူတွေက ပြောပါတယ်။

