ရေးသူ – ကောက်ရိုး
အမှန်တရားဟာ ဘယ်လောက်ခါးသီးလဲ။ ဒီခါးသီးမှုဒဏ်ကို ဘယ်သူတွေ မခံနိုင်ဘူးလဲ။ အဖြေကတော့ ရှင်းပါတယ်၊ မဟုတ်တာလုပ်ထားတဲ့သူတွေပါ။
ရုရှားအာဏာရှင် သမ္မတပူတင်အရမ်းမုန်းတဲ့ သတင်းစာဆရာရဲ့ နာမည်က ခရစ္စတိုဂရိုဇော့ (Christo Grozev) ဖြစ်ပါတယ်။ သူဟာ ဘူလ်ဂေးရီးယားလူမျိုးဖြစ်ပြီး နယ်သာလန်အခြေစိုက် Bellingcat ဆိုတဲ့ စုံစမ်းထောက်လှမ်းရေးသတင်းဌာနကပါ။
သူဖော်ထုတ်ခဲ့တာတွေကတော့ ပူတင်ရဲ့လူတွေဟာ အတိုက်အခံတွေကို ဘယ်လိုနှိပ်ကွပ်၊ သတ်ဖြတ်ခဲ့လဲ ဆိုတဲ့အကြောင်းတွေဖြစ်ပါတယ်။ သူဖော်ထုတ်ခဲ့တာတွေ များလွန်းတဲ့အတွက် နောက်ဆုံးမှာ ပူတင်က ခရစ္စတိုဂရိုဇော့ကို အကြိမ်ကြိမ် လုပ်ကြံခဲ့ပါတယ်။
အခုအချိန်မှာတော့ ခရစ္စတိုဂရိုဇော့ဟာ သူ့မိသားစုနဲ့ ခွဲနေရပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါပေမဲ့ သူဟာ အမှန်တရားတွေကို ဖော်ထုတ်နေဦးမယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါ။
ပူတင်ရဲ့သွေးသောက်ညီအကို ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကလည်း သူ့ ညီအကိုလိုပါပဲ။ အမှန်တရားအကြောင်းဖော်ထုတ်တဲ့ သတင်းစာဆရာတွေကို မုန်းပါတယ်။ ဘယ်လောက်ထိ မုန်းလဲဆိုရင် ကမ္ဘာ့ကို မျက်နှာပြောင်တိုက်ပြီး လေယာဉ်ကို ပြန်ပေးဆွဲတဲ့အထိပါ။
အဲဒီဖြစ်စဉ်က ၂၀၂၁ ခုနှစ်တုန်းက ဖြစ်ခဲ့တာပါ။ ဂရိကနေ လစ်သူရေးနီးယားကိုသွားတဲ့ ခရီးသည်တင်လေယာဉ်ပေါ်မှာ ဗုံးပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံပိုင်နက်ထဲ ဖြတ်ပျံသန်းချိန် ဘီလာရုစ်က ဆင်းသက်ခိုင်းခဲ့တာပါ။ တိုက်လေယာဉ်တစ်စီးနဲ့ပါ ဖိအားပေး ဆင်းသက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
ဆင်းသက်ပြီးတဲ့နောက် တခြားခရီးသည်တွေလုံခြုံရေးအတွက် ဘီလာရုစ်ဘက်က ဘာမှမလုပ်ခဲ့ပေမဲ့ ဘလော်ဂါလည်းဖြစ် သတင်းစာဆရာလည်းဖြစ်တဲ့ ရိုမန်ပရိုတာဆီဗစ် (RomanProtasevich) နဲ့ သူချစ်သူတို့ကို ဖမ်းဆီးသွားတော့မှ ရည်ရွယ်ချက်အစစ်ကို ကမ္ဘာကြီးက သိခဲ့တာဖြစ်ပါတယ်။ နောက်ဆက်တွဲကတော့ ဘီလာရုစ်လေယာဉ်တွေကို ဥရောပလေပိုင်နက်ထဲပေးမပျံတော့သလို ဥရောပက လေယာဉ်တွေလည်း ဘီလာရုစ်နိုင်ငံပေါ် ကနေ ဖြတ်မပျံတော့ပါဘူး။
ဒီနေရာမှာ ထိတ်လန့်စရာကောင်းတာက သတင်းလွတ်လပ်ခွင့်ကို အာဏာရှင်နိုင်ငံတွေမှာ မျက်နှာသာ မပေးကြဘူးဆိုပေမဲ့ အခုအချိန်မှာတော့ သတင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာ့နိုင်ငံထက်ဝက်ကျော်မှာပါ ဆုံးရှုံးနေတာဖြစ်ပါတယ်။ ကမ္ဘာကြီးကို အာဏာရှင်တွေ အုပ်စိုးတော့မယ့် အရိပ်အယောင်လားလို့ မေးခွန်းထုတ်ချင်စရာပါ။
ဧပြီလ ၃၀ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders – RSF) ရဲ့ အစီရင်ခံစာအရ နှစ်ပေါင်း ၂၅ နှစ်အတွင်း ကမ္ဘာ့နေရာအနှံ့ သတင်း လွတ်လပ်ခွင့်ဟာ အဆိုးဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံ ထက်ဝက်ကျော်ရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ “ခက်ခဲ” ဒါမှအမဟုတ် “ဆိုးရွားပြင်းထန်” အဆင့် သတ်မှတ် ခံထားရတာလို့ RSF အစီရင်ခံက ပြောထားတာပါ။
မြန်မာနိုင်ငံကတော့ RSF ရဲ့ အစီရင်ခံစာထဲမှာ အဆင့် ၁၆၆ မှာရှိနေပြီး ဆိုးရွားပြင်းထန် အဆင့်ထဲ ပါဝင်နေပါတယ်။ ဘာလို့ အဲဒီလောက်ဆိုးနေသလဲဆိုတဲ့အချက်တွေကို မကြည့်ခင် အုပ်ချုပ်နေတဲ့သူကို ကြည့်လိုက်တော့ ပူတင်နဲ့ လူကာရှန်ကိုတို့ရဲ့ ညီအကိုအဖြစ်တဲ့ (သမ္မတ) ဦးမင်းအောင်လှိုင် ဖြစ်နေတာပါ။ ကျန်တဲ့အချက်တွေကို ကြည့်စရာမလိုတော့ပါဘူး။
လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ရဲ့ ဧပြီလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်မေလအထိ မြန်မာမှာ သတင်းသမား ၂၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၉ ယောက်ဟာ မတရားတဲ့ဥပဒေတွေနဲ့ ဆက်အဖမ်းခံထားရတယ်လို့ IPCM က ဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရတဲ့အချိန် သေဆုံးခဲ့တဲ့ သတင်းသမား ၇ ယောက်အထိလည်း ရှိခဲ့တယ်လို့ IPCM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့တင်မပြီးသေးပါဘူး ဦးမင်းအောင်လှိုင်ဟာ အရင်တုန်းက မပြောရဲတဲ့ကိစ္စတွေ ပြောနိုင်လာပြီလို့ ပြောဆိုခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ သတင်းဌာန ၃ ခုကို လိုင်စင်ပိတ်သိမ်းလိုက်ပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း အပိတ်ခံရတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ တစ်ဒါဇင်ထက် မနည်းရှိသွားပါတယ်။
စိတ်မကောင်းစရာကတော့ အမှန်တရားကိုဖော်ထုတ်တဲ့ သတင်းမီဒီယာတွေ၊ သတင်းစာဆရာတွေ အကြောင်းပြောရတဲ့ ဒီနေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ဖြစ်နေတာပါပဲ။
အမှန်တရားတစ်ခုကတော့ လွတ်လပ်တဲ့သတင်းမီဒီယာတွေ မျိုးမသုဉ်းဖို့အရေး ကမ္ဘာ့လူထုဟာ ပုံစံအမျိုးမျိုးနဲ့ ထောက်ခံအားပေးဖို့ လိုအပ်နေတယ်ဆိုတာပါပဲ။


