Homeပြည်တွင်းသတင်းမလေးရှားတွင် တောရိုင်းတိရစ္ဆာန် အမဲလိုက်မှုဖြင့် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ

မလေးရှားတွင် တောရိုင်းတိရစ္ဆာန် အမဲလိုက်မှုဖြင့် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ

၁၁ ဇွန် ၂၀၂၆ | New Day Myanmar

မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ ကွာလာခရိုင် (Kuala Krai) မြို့နယ်ရှိ Kampung Mia ကျေးရွာအနီး ဒူးရင်းခြံတစ်ခုအတွင်း တရားမဝင် အမဲလိုက်ခြင်းနှင့် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို နှိမ်နင်းသည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၂ ဦး ပါဝင်ပြီး ကလေးငယ် ယောကျ်ားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦးကိုလည်း အဖွဲ့နဲ့အတူ တွေ့ရှိခဲ့တယ်လို့ ကွာလာခရိုင် ရဲတပ်ဖွဲ့မှူး မက်ဇ်လန် မာမတ် (Mazlan Mamat) က ပြောကြားပါတယ်။

ပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အပေါ် အခြေခံပြီး ရဲတပ်ဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်ဌာန (Perhilitan) တို့က ဇွန်လ ၁၀ ရက်နေ့ သန်းခေါင်ယံမှ နံနက် ၆ နာရီအထိ “Op Bersepadu/Op Khazanah” အမည်ရှိ ပူးပေါင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

စစ်ဆင်ရေးကို Kampung Mia ကျေးရွာရှိ ၂၄ ဟက်တာကျယ်ဝန်းတဲ့ ဒူးရင်းစိုက်ခင်းတစ်ခုအတွင်း ပြုလုပ်ခဲ့တာဖြစ်ပြီး တရားမဝင် အမဲလိုက်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ လေသေနတ်တစ်လက်နဲ့ လှံနှစ်ချောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဆေးမှုအတွင်း တောရိုင်းတိရစ္ဆာန်တွေရဲ့ လက်သည်းဟု ယူဆရတဲ့ အစိတ်အပိုင်း ၆ ခု၊ အစွယ်ဟု ယူဆရတဲ့ အပိုင်း ၁၂ ခု၊ အရိုး ၇ ခု၊ တိရစ္ဆာန်ခန္ဓာကိုယ် အစိတ်အပိုင်းဟု ယူဆရတဲ့ ပစ္စည်း ၆ ခုနဲ့ တောရိုင်းတိရစ္ဆာန်အသားဟု ယူဆရတဲ့ အသားများ ထည့်သွင်းထားတဲ့ ကွန်တိန်နာတစ်လုံးကိုလည်း တွေ့ရှိခဲ့ပါတယ်။

“စစ်ဆေးမှုအတွင်း တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ရှိ၊ မရှိကို အသေးစိတ် စုံစမ်းနေပါတယ်” လို့ မက်ဇ်လန် မာမတ်က ပြောပါတယ်။

လက်ရှိမှာ အဆိုပါအမှုကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ၁၉၆၀ ခုနှစ် လက်နက်ဥပဒေ၊ ၁၉၅၈ ခုနှစ် အမှတ်တံဆိပ်နှင့် အမည်များ အလွဲသုံးစားပြုမှု တားဆီးရေးဥပဒေနဲ့ ၂၀၁၀ ခုနှစ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဥပဒေ (Act 716) တို့အရ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်သူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ သတိပေးထားပြီး နိုင်ငံရဲ့ သဘာဝအမွေအနှစ်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်နိုင်ရေးအတွက် သတင်းအချက်အလက်တွေ ဆက်လက်ပေးပို့ကြဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး