Homeပြည်တွင်းသတင်းမကာအိုတွင် မြန်မာအိမ်အကူ အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖမ်းဆီးခံရ

မကာအိုတွင် မြန်မာအိမ်အကူ အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖမ်းဆီးခံရ

၁၁ ဇွန် ၂၀၂၆ | New Day Myanmar

မကာအိုတွင် အသက် ၅၄ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို မြန်မာအိမ်အကူအလုပ်သမား အမျိုးသမီးတစ်ဦးအား အလုပ်လုပ်ခွင့်လက်မှတ် မထုတ်ပေးဘူးလို့ ခြိမ်းခြောက်ပြီး မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲချက်များဖြင့် ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားပါတယ်။

သံသယရှိသူ လမ် (Lam) ဆိုသူဟာ အဆိုပါ အမျိုးသမီး အလုပ်စတင်ဝင်ရောက်တဲ့ ပထမနေ့မှာပဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သလို နောက်တစ်နေ့မှာလည်း ထပ်မံမုဒိမ်းကျင့်ဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ လက်ရှိမှာတော့ ၎င်းကို အစိုးရရှေ့နေချုပ်ရုံးထံ လွှဲပြောင်းထားပြီး မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်အကျပ်ကိုင်မှု စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒေသခံသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ နစ်နာသူ မြန်မာအမျိုးသမီးဟာ ယခင်က မကာအိုမှာ အိမ်အကူအလုပ်သမားအဖြစ် လုပ်ကိုင်ဖူးပြီး မြန်မာနိုင်ငံကို ပြန်သွားခဲ့သူ ဖြစ်ပါတယ်။ သူမဟာ မေလနှောင်းပိုင်းမှာ မကာအိုကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အလုပ်အသစ်ရှာဖွေနေစဉ် မိတ်ဆွေတစ်ဦးမှတစ်ဆင့် လမ်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂ ရက်နေ့မှာ အလုပ်ခန့်အပ်ရေး လုပ်ငန်းစဉ်တွေ ပြီးဆုံးပြီးနောက် တိုင်ပါ (Taipa) ဒေသရှိ လမ်ရဲ့ နေအိမ်မှာ အလုပ်စတင်လုပ်ကိုင်ခဲ့ရာကနေ အဆိုပါဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ လမ်ဟာ အမျိုးသမီးကို ၎င်းအား နမ်းခိုင်းခဲ့ပြီး ငြင်းဆန်ပါက မကာအိုရှိ နိုင်ငံခြားသားအလုပ်သမားများအတွက် လိုအပ်တဲ့ “Blue Card” (Non-resident Worker’s Identification Card) လျှောက်ထားမှုကို မဆောင်ရွက်ပေးဘဲ ထားမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။

ငွေကြေးအခက်အခဲတွေကြောင့် အလုပ်အကိုင်အခွင့်အရေး ဆုံးရှုံးသွားမှာကို စိုးရိမ်ခဲ့တဲ့ အမျိုးသမီးက လိုက်လျောခဲ့ရပြီးနောက် လမ်က မုဒိမ်းကျင့်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ ဇွန်လ ၃ ရက်နေ့မှာလည်း လမ်ဟာ အလားတူ ခြိမ်းခြောက်မှုကို အသုံးပြုပြီး လိင်ဆက်ဆံဖို့ အတင်းအကျပ် ကြိုးပမ်းခဲ့ပေမယ့် အမျိုးသမီးက ပြန်လည်ခုခံခဲ့တာကြောင့် မုဒိမ်းကျင့်မှု မဖြစ်ပွားခဲ့ဘူးလို့ သိရပါတယ်။ အဲဒီနောက် လမ်က သူမကို နေအိမ်ကနေ နှင်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

နစ်နာသူ အမျိုးသမီးဟာ ဇွန်လ ၆ ရက်နေ့မှာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး နောက်တစ်နေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က လမ်ကို ၎င်းရဲ့ နေအိမ်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ သံသယရှိသူနဲ့ ပြစ်မှုကျူးလွန်မှုကြား ဆက်စပ်မှုရှိကြောင်း ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရရှိထားတယ်လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် နစ်နာသူ အမျိုးသမီးရဲ့ ရဲစွမ်းသတ္တိရှိရှိ တိုင်ကြားခဲ့မှုကိုလည်း ချီးကျူးခဲ့ပြီး အဲဒီလို အချိန်မီတိုင်ကြားခဲ့တာကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ အနေနဲ့ သက်သေအထောက်အထားတွေကို လျင်မြန်စွာ စုဆောင်းနိုင်ခဲ့ကာ အလားတူ ပြစ်မှုတွေ ထပ်မံမဖြစ်ပွားစေရေး အထောက်အကူဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

မကာအိုအာဏာပိုင်တွေကလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရသူတွေ အနေနဲ့ တိတ်ဆိတ်မနေဘဲ ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံကြဖို့နဲ့ ဥပဒေရေးရာ အကာအကွယ်တွေ ရယူကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး