Homeပြည်တွင်းသတင်းမြန်မာ့အရေးတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အစီအစဉ်ကို အာဆီယံ လူ့အခွင့်အရေးအမတ်တွေကြိုဆို

မြန်မာ့အရေးတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အစီအစဉ်ကို အာဆီယံ လူ့အခွင့်အရေးအမတ်တွေကြိုဆို

၁၁ ဇွန် ၂၀၂၆ | New Day Myanmar

အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာ ထရီဆာ လာဇာရိုက မြန်မာနိုင်ငံရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ (EROs) နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့အပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ကြိုဆိုလိုက်ပြီး အဲဒီလုပ်ဆောင်ချက်ဟာ မြန်မာ့အရေးကို ပိုမို အားလုံးပါဝင်နိုင်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဂျကာတာမြို့မှာ ဇွန်လ ၁၀ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ APHR က အာဆီယံအနေနဲ့ နှစ်ပေါင်းများစွာ မြန်မာစစ်တပ်ကိုသာ အဓိကထား ဆက်ဆံနေခဲ့တဲ့ ပုံစံကနေ ထွက်ခွာပြီး မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

APHR ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ် မာစီ ခရစ်စတီ ဘာရန်ဒ်စ်က “တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာဟာ အာဆီယံရဲ့ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေခဲ့တဲ့ မြန်မာစစ်တပ်ဗဟိုပြု ချဉ်းကပ်မှုကနေ ကွဲပြားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြာအောင် တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အာဆီယံအနေနဲ့ စစ်တပ်တစ်ဖက်တည်းကိုသာ မဟုတ်ဘဲ ပိုမိုကျယ်ပြန့်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ကြပြီး အခုအစီအစဉ်ဟာ အဲဒီတောင်းဆိုချက်တွေကို နားထောင်ဖို့ ဆန္ဒရှိကြောင်း ပြသနေတယ်လို့လည်း သူက ဆိုပါတယ်။

APHR က အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွေကို ပွင့်လင်းမြင်သာမှုရှိပြီး လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှုတွေနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းထားသလို မြန်မာပြည်သူတွေရဲ့ လက်တွေ့ဘဝအခြေအနေနဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒတွေကို အခြေခံရမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ပဋိပက္ခဒဏ်သင့် အရပ်သားအသိုက်အဝန်းတွေ အပါအဝင် တရားဝင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေးကို အာမခံရမယ်လို့လည်း APHR က တောင်းဆိုထားပါတယ်။

အာဆီယံအနေနဲ့ ဆွေးနွေးမှုတွေကို မြန်မာစစ်တပ်ရဲ့ အရပ်သားအစိုးရ အသွင်ပြောင်းရေး လုပ်ငန်းစဉ်ကို တရားဝင်မှုရရှိစေဖို့ အသုံးချခွင့်မပေးသင့်ဘဲ လက်တွေ့ကျတဲ့ ပဋိပက္ခလျှော့ချရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေဆီ ဦးတည်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထွက်ပေါ်လာမယ့် ဘယ်နိုင်ငံရေးလမ်းပြမြေပုံမဆို ပြည်သူဗဟိုပြုဖြစ်ရမှာဖြစ်ပြီး စစ်ပဋိပက္ခကြောင့် နှစ်ပေါင်းများစွာ ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို ထင်ဟပ်ရမယ်လို့ APHR က အလေးပေးပြောဆိုထားပါတယ်။

APHR က အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိကြိုးပမ်းမှုတွေကို ဆက်လက်အရှိန်မြှင့်ဆောင်ရွက်ဖို့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ပွင့်လင်းမြင်သာစွာ အသိပေးဖို့နဲ့ စစ်အုပ်ချုပ်ရေးကို အလျင်စလို ပုံမှန်အဖြစ် လက်ခံလိုတဲ့ ဖိအားတွေကို တောင့်ခံဖို့လည်း တိုက်တွန်းထားပါတယ်။

အာဆီယံရဲ့ မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) အကောင်အထည်ဖော်ရေးမှာ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ APHR က ထပ်မံပြောကြားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး