၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရခေါင်းဆောင်တွေ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေ ပြန်လည်တက်ရောက်ခွင့်ရဖို့ အလှမ်းဝေးနေသေးတယ်လို့ အာဆီယံရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုက ပြောပါတယ်။
အာဆီယံရဲ့ ၂၀၂၆ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ လာဇာရိုက ဇူလိုင် ၂၃ ရက် မနီလာမြို့မှာကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာပါ။
“အလှမ်းဝေးနေသေးပါတယ်။ သူတို့ဘက်က လိုက်နာဆောင်ရွက်မှုနဲ့ပတ်သက်ပြီး မေးခွန်းတွေအများကြီး ရှိနေပါတယ်” လို့ လာဇာရိုက ပြောပါတယ်။
မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရက အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာအကောင်အထည်ဖော်နေသလားဆိုတာ ဆက်လက်အကဲဖြတ်နေဆဲဖြစ်ပြီး အာဆီယံဘက်က တိုးတက်မှုတိုင်းတာနိုင်မယ့် စံနှုန်းတွေ သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။
သတ်မှတ်ထားတဲ့စံနှုန်းတွေကို မမီရင် ဘုံသဘောတူညီချက်ကို လိုက်နာခြင်းမရှိဘူးလို့ သတ်မှတ်သွားမှာဖြစ်ကြောင်း လာဇာရိုက ပြောပါတယ်။ စံနှုန်းတွေမှာ ဘယ်အချက်တွေ ပါဝင်မလဲဆိုတာကိုတော့ အသေးစိတ်မထုတ်ပြန်သေးပါဘူး။
လာဇာရိုဟာ ဒီနှစ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ်တခု သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမလားဆိုတာ မသေချာသေးဘူးလို့လည်း သူက ပြောပါတယ်။
အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ပေးပို့နိုင်ရေးတို့ပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အာဏာသိမ်းခေါင်းဆောင်ဟောင်းနဲ့ လက်ရှိသမ္မတ မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဧပြီလမှာ သဘောတူခဲ့တာပါ။
ဒါပေမဲ့ ဘုံသဘောတူညီချက်ကို ထင်ရှားတဲ့တိုးတက်မှုမရှိဘဲ အကောင်အထည်ဖော်ခြင်းမရှိတာကြောင့် အာဆီယံက မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေကို အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားခဲ့ပါတယ်။
မကြာသေးခင်ကတော့ စစ်တပ်လိုလားတဲ့ လွှတ်တော်က အာဆီယံဘုံသဘောတူညီချက် ငါးရပ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ဆိုပြီး ပယ်ချတဲ့အဆိုတရပ် အတည်ပြုခဲ့ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပေမဲ့ အဲဒီတွေ့ဆုံမှုဟာ မြန်မာခေါင်းဆောင်တွေကို အာဆီယံအဆင့်မြင့်အစည်းအဝေးတွေ ပြန်တက်ခွင့်ပြုလိုက်တာ မဟုတ်သေးပါဘူး။


