Homeပြည်တွင်းသတင်းအာဆီယံရဲ့ မြန်မာ့ရေးရာအစီအစဉ်က စစ်အုပ်စုအတွက် အချိန်ဆွဲခွင့်နဲ့ သံတမန်ရေးအကာအကွယ် ဖြစ်နေဟုဆို

အာဆီယံရဲ့ မြန်မာ့ရေးရာအစီအစဉ်က စစ်အုပ်စုအတွက် အချိန်ဆွဲခွင့်နဲ့ သံတမန်ရေးအကာအကွယ် ဖြစ်နေဟုဆို

၃၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

အာဆီယံက မြန်မာ့အရေးဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ စစ်အုပ်စုအတွက် အချိန်ဆွဲခွင့်နဲ့ သံတမန်ရေးအကာအကွယ်ပေးနေပြီး ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ဆက်လက်ဖြစ်ပွားစေတယ်လို့ Progressive Voice က ပြောပါတယ်။

အာဆီယံနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးယန္တရားတွေဟာ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေသလို အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက်တွေဟာလည်း လက်တွေ့မကျတဲ့ သံတမန်ရေးကတိစကားတွေအဖြစ်သာ ကျန်ရှိနေတယ်လို့ ဇူလိုင် ၂၅ ရက်က ထုတ်ပြန်တဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံခေါင်းဆောင်တွေက ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချပြီး အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားပြုခွင့် ကန့်သတ်ထားမယ်လို့ ပြောခဲ့ပေမယ့် ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်တွေမှာ စစ်အုပ်စုကို “အစိုးရ” လို့ စတင်သုံးနှုန်းခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်ကို ထည့်သွင်းဖော်ပြခဲ့တာဟာလည်း စစ်အုပ်စုကို နိုင်ငံရေးအရ ပုံမှန်ဆက်ဆံရေးပြန်ပေးပြီး တရားဝင်မှုရရှိအောင် ကူညီပေးရာရောက်တယ်လို့ Progressive Voice က ဝေဖန်ပါတယ်။

အာဆီယံက အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွေ ကျင်းပနေချိန်မှာ စစ်အုပ်စုဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ စီးပွားရေးဖိနှိပ်မှုတွေကို လက်နက်တခုအဖြစ် အသုံးချနေတယ်လို့လည်း ထောက်ပြထားပါတယ်။

UNDP နဲ့ UN Women တို့ရဲ့ “Uneven Burdens” အစီရင်ခံစာအရ မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ဝင်ငွေလုံးဝမရှိတော့ဘဲ အဲဒီနှုန်းဟာ အမျိုးသားတွေထက် နှစ်ဆနီးပါးမြင့်မားနေပါတယ်။

လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေမှာ အဝတ်အစားအတင်းအကျပ်ချွတ်ခိုင်းတာ၊ အုပ်စုဖွဲ့မုဒိမ်းကျင့်တာနဲ့ သက်သေဖျောက်ဖို့ အမျိုးသမီးတွေကို သတ်ဖြတ်တာတွေ ပါဝင်တယ်လို့ မြန်မာအရပ်ဘက်အဖွဲ့တွေရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ မြေပြင်တိုက်ခိုက်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ လေကြောင်းတိုက်ခိုက်မှု ၁၂,၈၉၆ ကြိမ် ပြုလုပ်ခဲ့ကာ အရပ်သား ၅,၈၄၆ ဦး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းတွေကို ကိုးကားဖော်ပြထားပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလကနေ ဇွန်လအထိ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၃၁၄ ဦးအနက် ၉၅ ရာခိုင်နှုန်းဟာ အင်တာနက်လုံးဝဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ Myanmar Internet Project ရဲ့ အချက်အလက်တွေက ဆိုပါတယ်။

ဒါဟာ စစ်အုပ်စုက ကျူးလွန်မှုတွေကို နိုင်ငံတကာမသိရှိနိုင်အောင် အင်တာနက်ဖြတ်တောက်ပြီး တိုက်ခိုက်နေတဲ့ စနစ်တကျလုပ်ဆောင်မှုဖြစ်တယ်လို့ Progressive Voice က သုံးသပ်ပါတယ်။

စစ်အုပ်စုရဲ့ မြေလှန်မီးရှို့မှု၊ အတင်းအကျပ်စစ်သားစုဆောင်းမှုနဲ့ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၈ သန်းနီးပါး ရှိလာပါတယ်။ မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်နဲ့ ဆောမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတသိန်းကျော် ထပ်မံထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇူလိုင် ၉ ရက်ကနေ ၁၄ ရက်အထိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ လူငယ်အမျိုးသား ၂၀၀ နီးပါးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လမ်းတွေနဲ့ လူနေရပ်ကွက်တွေကနေ အမှတ်အသားမပါတဲ့ယာဉ်တွေအသုံးပြုပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဆီယံအနေနဲ့ စစ်အုပ်စုကို ပုံမှန်နိုင်ငံရေးအဖွဲ့အစည်းတခုလို ဆက်ဆံနေတာ ရပ်တန့်ပြီး လေယာဉ်ဆီ၊ လက်နက်နဲ့ စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ နည်းပညာပစ္စည်းတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူဖို့ Progressive Voice က တောင်းဆိုပါတယ်။

စစ်အုပ်စုကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာရာဇဝတ်တရားရုံးနဲ့ အင်ဒိုနီးရှား၊ တီမောလက်စ်တေတို့မှာ ဆောင်ရွက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အမှုတွေကို အာဆီယံက ထောက်ခံပေးဖို့လည်း တိုက်တွန်းထားပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေကို စစ်အုပ်စုကတဆင့် မပေးဘဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေတဲ့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေ တိုက်ရိုက်ပေးပို့ဖို့လည်း တောင်းဆိုထားပါတယ်။

Related News

Most Read