Homeပြည်တွင်းသတင်းကျားဖြန့်စင်တာတွေကို အကာအကွယ်ပေးထားတဲ့ DKBA ကို EU ဒဏ်ခတ်အရေးယူ

ကျားဖြန့်စင်တာတွေကို အကာအကွယ်ပေးထားတဲ့ DKBA ကို EU ဒဏ်ခတ်အရေးယူ

၃၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက ကျားဖြန့်အွန်လိုင်းငွေလိမ်စင်တာတွေကို အကာအကွယ်ပေးပြီး လည်ပတ်ခွင့်ပြုထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ကို ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်အရေးယူစာရင်း ထည့်သွင်းလိုက်ပါတယ်။

EU ကောင်စီက ဒီနေ့ ဇူလိုင် ၃၀ ရက်မှာ DKBA အပါအဝင် အဖွဲ့အစည်းသုံးခုနဲ့ လူပုဂ္ဂိုလ်ခုနစ်ဦးကို အရှေ့တောင်အာရှက ကျားဖြန့်စင်တာတွေနဲ့ ဆက်နွှယ်တဲ့ လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တခြားပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဒဏ်ခတ်အရေးယူလိုက်တာပါ။

EU ရဲ့ ထုတ်ပြန်ချက်အရ DKBA ဟာ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တဝိုက်က နယ်မြေတွေကို ထိန်းချုပ်ထားပြီး အကြီးစားကျားဖြန့်စင်တာတွေ လည်ပတ်နိုင်အောင် အကာအကွယ်ပေးထားပါတယ်။

DKBA ထိန်းချုပ်နယ်မြေအတွင်း တရားမဝင်ကျားဖြန့်စင်တာတွေကို လည်ပတ်ခွင့်ပြုပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေ လုပ်ငန်းဆောင်ရွက်နိုင်အောင် ကူညီပေးထားတယ်လို့ EU က ဖော်ပြပါတယ်။

ဒါ့အပြင် ကျားဖြန့်ခြံဝင်းတွေမှာ ပိတ်လှောင်ခံထားရတဲ့ လူကုန်ကူးခံရသူတွေအပေါ် အကြမ်းဖက်မှုတွေမှာ DKBA တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြောင်း သတင်းရရှိထားတယ်လို့လည်း EU က ဆိုပါတယ်။

DKBA နဲ့အတူ ဒဏ်ခတ်ခံရတဲ့ တခြားအဖွဲ့အစည်းနှစ်ခုကတော့ ကမ္ဘောဒီးယားအခြေစိုက် Prince Holding Group နဲ့ Jin Bei Group တို့ဖြစ်ပါတယ်။

Prince Holding Group ဟာ ကမ္ဘောဒီးယားအခြေစိုက် ဒေါ်လာဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး ကုမ္ပဏီခွဲတွေနဲ့ ရှေ့ခံကုမ္ပဏီတွေကို အသုံးပြုကာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာ ကျားဖြန့်ခြံဝင်းတွေ တည်ဆောက်ခဲ့တယ်လို့ EU က ပြောပါတယ်။

အဲဒီစင်တာတွေမှာ ကမ္ဘာတဝန်းက လူတွေကို အလုပ်အကိုင်ကောင်းရမယ်လို့ လိမ်လည်ခေါ်ယူပြီး ပိတ်လှောင်ထားကာ ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်တာအပါအဝင် အွန်လိုင်းလိမ်လည်မှုတွေ အတင်းအကျပ်လုပ်ကိုင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

Prince Holding Group ရဲ့ ဥက္ကဋ္ဌ ချန်ကျီ (Chen Zhi) ကိုလည်း EU က တဦးချင်းဒဏ်ခတ်စာရင်း ထည့်သွင်းထားပါတယ်။

Jin Bei Group ကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ကာစီနိုတွေနဲ့ ကျားဖြန့်စင်တာတွေ တည်ဆောက်ပြီး ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်တာနဲ့ တခြားအွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းစုဖြစ်တယ်လို့ EU က ဖော်ပြပါတယ်။

Jin Bei Group ရဲ့ ဥက္ကဋ္ဌ ဇူကျုံးပြောင် (Zhu Zhongbiao) ကိုလည်း ပိတ်ဆို့အရေးယူထားပါတယ်။

ဒဏ်ခတ်စာရင်းဝင် အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ EU အတွင်းရှိ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှာဖြစ်ပြီး EU နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေက သူတို့ဆီ ငွေကြေး ဒါမှမဟုတ် စီးပွားရေးအရင်းအမြစ်တွေ ထောက်ပံ့ခွင့်မရှိပါဘူး။

ဒဏ်ခတ်ခံရတဲ့ လူပုဂ္ဂိုလ်ခုနစ်ဦးကိုလည်း EU အဖွဲ့ဝင်နိုင်ငံတွေဆီ ဝင်ရောက်တာနဲ့ ဖြတ်သန်းသွားလာတာ ပိတ်ပင်ထားပါတယ်။

Related News

Most Read