Homeပြည်တွင်းသတင်းမြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ စွဲဆိုထားတဲ့အမှု အရှေ့တီမောတရားရုံး စတင်

မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ စွဲဆိုထားတဲ့အမှု အရှေ့တီမောတရားရုံး စတင်

၃၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စွပ်စွဲထားတဲ့အမှုကို အရှေ့တီမောနိုင်ငံ၊ ဒီလီမြို့ ပထမအဆင့်တရားရုံးက တရားစီရင်ရေးဆိုင်ရာ သုံးသပ်မှု ပြုလုပ်နေပါတယ်။

ဒီအမှုဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ တရားရေးစနစ်က တခြားအဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ စစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ စစ်ဆေးအရေးယူဖို့ ကြိုးပမ်းတဲ့ ပထမဆုံးဖြစ်ရပ် ဖြစ်လာပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆိုင်ရာတိုင်ကြားချက်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှာ အရှေ့တီမောအစိုးရရှေ့နေရုံးထံ တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီမှာ အဆင့်မြင့်အစိုးရရှေ့နေတဦးကို အမှုတွဲစစ်ဆေးဖို့ ခန့်အပ်ခဲ့ပါတယ်။

အဲဒီနောက် ရာဇဝတ်မှုဆိုင်ရာ အမှုတွဲကို မေလ ၄ ရက်မှာ ဒီလီမြို့ ပထမအဆင့်တရားရုံးထံ တရားဝင်တင်သွင်းခဲ့ပြီး တရားရုံးက အမှုကို ဆက်လက်စစ်ဆေးဖို့ ဥပဒေကြောင်းအရ အခြေခံရှိ၊ မရှိ သုံးသပ်နေတာဖြစ်ပါတယ်။

တိုင်ကြားချက်ထဲမှာ မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်ရဲ့ အဆင့်မြင့်ခေါင်းဆောင် ၁၀ ဦးကို အမည်တပ်ထားပြီး ချင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အမိန့်ပေးကွပ်ကဲမှုဆိုင်ရာ တာဝန်ရှိတယ်လို့ စွပ်စွဲထားပါတယ်။

တင်ပြထားတဲ့ဖြစ်စဉ်တွေထဲမှာ ကိုယ်ဝန်ခုနစ်လရှိ အမျိုးသမီးတဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ သတင်းသမားတဦးနဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတဦးအပါအဝင် လူ ၁၀ ဦး သတ်ဖြတ်ခံရမှု၊ ခရစ်ယာန်သင်းအုပ်ဆရာတဦးနဲ့ သာသနာ့ဝန်ထမ်းသုံးဦး သတ်ဖြတ်ခံရမှုတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဆေးရုံတရုံကို ခွဲခြားမှုမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်လို့ ကျန်းမာရေးဝန်ထမ်းလေးဦးနဲ့ လူနာလေးဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်အပြင် ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အရပ်သားအဆောက်အအုံတွေ တိုက်ခိုက်ခံခဲ့ရတဲ့ အထောက်အထားတွေကိုလည်း တင်ပြထားတယ်လို့ CHRO က ပြောပါတယ်။

ဒီအမှုကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် လို့ခေါ်တဲ့ ဥပဒေမူအောက်မှာ တင်သွင်းထားတာပါ။ ဒီမူအရ စစ်ရာဇဝတ်မှုလို ပြင်းထန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဘယ်နိုင်ငံမှာ ကျူးလွန်ခဲ့တယ်၊ ကျူးလွန်သူနဲ့ နစ်နာသူက ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာ မခွဲခြားဘဲ တခြားနိုင်ငံရဲ့ တရားရေးအာဏာပိုင်တွေက စုံစမ်းအရေးယူနိုင်ပါတယ်။

အရှေ့တီမောဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာမှာ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာခဲ့တာကြောင့် ဒီအမှုဟာ အဖွဲ့ရဲ့ “ပြည်တွင်းရေး မစွက်ဖက်ရေး” မူနဲ့ ပြင်းထန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုဖော်ဆောင်ရေးတို့ကြား အာဆီယံရဲ့ ရပ်တည်ချက်ကို စမ်းသပ်တဲ့ဖြစ်ရပ် ဖြစ်လာပါတယ်။

စစ်အုပ်စုကတော့ အမှုလက်ခံစစ်ဆေးမှုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး အာဆီယံပဋိညာဉ်နဲ့ ဆန့်ကျင်တယ်လို့ ပြောကာ ရန်ကုန်အခြေစိုက် အရှေ့တီမောသံတမန်ကို ဖေဖော်ဝါရီလအတွင်း နိုင်ငံကနေ နှင်ထုတ်ခဲ့ပါတယ်။

လက်ရှိတရားရုံးသုံးသပ်မှုဟာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ထားတာ မဟုတ်သေးသလို ဖမ်းဝရမ်းထုတ်ထားတာလည်း မဟုတ်သေးပါဘူး။ တရားရုံးက အမှုဆက်လက်စစ်ဆေးနိုင်ကြောင်း လက်ခံမှသာ စုံစမ်းစစ်ဆေးမှုနဲ့ နောက်ဆက်တွဲတရားရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

Related News

Most Read