၃၀ ဇူလိုင် ၂၀၂၆ | New Day Myanmar
မလေးရှားနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ ပြန်ပို့မယ့်အစီအစဉ် ရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ် အာဆီယံလွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ (APHR) က ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူတို့ထွက်ပြေးခဲ့ရတဲ့ စစ်အုပ်စုလက်ထဲ ပြန်မပို့ဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအတွက် ဘေးကင်းလုံခြုံတဲ့ အခြေအနေမရှိသေးသလို သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့၊ ဖိနှိပ်ညှဉ်းပန်းမှုတွေအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းပေးတာဟာ ပြင်းထန်တဲ့ အန္တရာယ်တွေ ကြုံတွေ့စေနိုင်တယ်လို့ APHR က ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မလေးရှားမှာရှိနေတဲ့ ရိုဟင်ဂျာ ၅,၀၀၀ ကို လက်ခံပြန်ခေါ်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ သဘောတူညီမှုရရှိထားတယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့တာပါ။
ဒါပေမဲ့ မလေးရှားပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူရှင်ကတော့ ပြန်ပို့ဖို့ စိစစ်နေသူတွေဟာ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း ၁၉ ခုမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အရေအတွက်နဲ့ ပြန်ပို့မယ့်အချိန်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ နောက်ပိုင်းမှာ ရှင်းလင်းခဲ့ပါတယ်။
မြန်မာစစ်အုပ်စုရဲ့ အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဟန်ဝင်းအောင်ကလည်း ပြန်ပို့မယ့်သူတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘဲ မြန်မာနိုင်ငံသားအဖြစ် စစ်ဆေးအတည်ပြုနိုင်သူတွေကိုသာ လက်ခံမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် မလေးရှားဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်နဲ့ နှစ်နိုင်ငံတာဝန်ရှိသူတွေရဲ့ နောက်ဆက်တွဲရှင်းလင်းချက်တွေကြား ကွဲလွဲမှုတွေရှိနေပြီး ပြန်ပို့မယ့် လူ ၅,၀၀၀ ထဲမှာ ရိုဟင်ဂျာ ဘယ်လောက်ပါဝင်မယ်ဆိုတာ ရှင်းလင်းခြင်း မရှိသေးပါဘူး။
APHR ကတော့ လူတဦးချင်းစီရဲ့ နိုင်ငံသားဖြစ်မှုနဲ့ ဒုက္ခသည်အခြေအနေကို လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ နည်းလမ်းနဲ့ စစ်ဆေးဖို့၊ UNHCR ကို အပြည့်အဝပါဝင်ခွင့်ပေးဖို့နဲ့ ပြန်ပို့ခံရမယ့်သူတွေရဲ့ သဘောတူညီချက်မရှိဘဲ အတင်းအကျပ် မပို့ဖို့ တောင်းဆိုထားပါတယ်။
ဒုက္ခသည်တွေကို ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးမှုနဲ့ အသက်အန္တရာယ်ကြုံနိုင်တဲ့ နိုင်ငံဆီ ပြန်မပို့ရဆိုတဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ “Non-refoulement” မူကို မလေးရှားအစိုးရက လိုက်နာဖို့လည်း APHR က တိုက်တွန်းပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး ဘေးကင်း၊ ဆန္ဒအလျောက်နဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မယ့် အခြေအနေတွေ မရှိသေးဘူးလို့ သတိပေးထားပါတယ်။
မလေးရှားမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ UNHCR မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၆၀၀ ခန့်ရှိပြီး အဲဒီအထဲမှာ ရိုဟင်ဂျာ ၁၂၆,၁၄၄ ဦး ပါဝင်ပါတယ်။


