Homeအထူးသတင်းနေအိမ်တွေက နှင်ထုတ်ခံရလို့ UNHCR ရုံးရှေ့ အကာအကွယ်လာတောင်းတဲ့ ရိုဟင်ဂျာ ၁၂၆ ဦးကို မလေးရှားရဲ ခေါ်ဆောင်စစ်ဆေး

နေအိမ်တွေက နှင်ထုတ်ခံရလို့ UNHCR ရုံးရှေ့ အကာအကွယ်လာတောင်းတဲ့ ရိုဟင်ဂျာ ၁၂၆ ဦးကို မလေးရှားရဲ ခေါ်ဆောင်စစ်ဆေး

၂၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်က နေအိမ်တွေကနေ နှင်ထုတ်ခံရပြီးနောက် အကာအကွယ်ရရှိဖို့ ကွာလာလမ်ပူမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့မှာ စုဝေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၁၂၆ ဦးကို မလေးရှားရဲတပ်ဖွဲ့က ခေါ်ဆောင်စစ်ဆေးခဲ့ပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးတွေပါဝင်တဲ့ ရိုဟင်ဂျာအဖွဲ့ဟာ ဇူလိုင် ၂၇ ရက်မှာ ပီနန်ကနေ ကွာလာလမ်ပူကို ရောက်လာပြီး UNHCR ရုံးအပြင်ဘက်မှာ ယာယီတဲတွေထိုးကာ နေထိုင်ခဲ့ကြတာပါ။ သူတို့ဟာ ပီနန်ဒေသခံတွေရဲ့ မောင်းထုတ်မှုခံခဲ့ရတာကြောင့် လုံခြုံရေးနဲ့ နေထိုင်ခွင့်အကူအညီတောင်းဖို့ ရောက်လာတာလို့ Reuters ကို ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ခွင့်ပြုချက်မရှိဘဲ လူစုဝေးတာ၊ အများပြည်သူသွားလာရာနေရာတွေကို ယာယီနေထိုင်ရာအဖြစ် အသုံးပြုတာနဲ့ ဥပဒေချိုးဖောက်တာတွေကို လက်မခံဘူးလို့ ပြောပြီး ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့တွေကို တင်းတင်းကျပ်ကျပ် အရေးယူဖို့ ညွှန်ကြားခဲ့ပါတယ်။

အဲဒီနောက် ရိုဟင်ဂျာတွေကို ရဲကားတွေနဲ့ ကွာလာလမ်ပူရဲတပ်ဖွဲ့ဌာနချုပ်ဆီ ခေါ်ဆောင်သွားပြီး နိုင်ငံကူးလက်မှတ်နဲ့ UNHCR အထောက်အထား ရှိ၊ မရှိ အပါအဝင် ကိုယ်ရေးအချက်အလက်တွေကို စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အာဏာပိုင်တွေက ဒီလုပ်ရပ်ကို “နေရာပြောင်းရွှေ့ပေးခြင်း” လို့ ဖော်ပြထားပေမဲ့ Reuters ကတော့ ရိုဟင်ဂျာ ၁၀၀ ကျော်ကို ထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြပါတယ်။

ပီနန်ပြည်နယ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေ ကွာလာလမ်ပူကို ထွက်ခွာတာဟာ အတင်းအကျပ်ပို့ဆောင်တာမဟုတ်ဘဲ သူတို့ဆန္ဒအရဖြစ်ပြီး ပြည်နယ်နဲ့ ဗဟိုအစိုးရဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတချို့ကတော့ ဒေသခံတွေရဲ့ ဖိအားပေးမောင်းထုတ်မှုကြောင့် နေအိမ်တွေကနေ ထွက်လာခဲ့ရတာလို့ ပြောပါတယ်။

Human Rights Watch အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက အိုးအိမ်မဲ့ဖြစ်လာတဲ့ ရိုဟင်ဂျာတွေကို ထိန်းသိမ်းအရေးယူမယ့်အစား အစိုးရက လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကာအကွယ်ပေးသင့်တယ်လို့ တောင်းဆိုထားပါတယ်။

မလေးရှားနိုင်ငံမှာ မေလကစပြီး ရိုဟင်ဂျာတွေအပေါ် အွန်လိုင်းအမုန်းစကား၊ သတင်းမှားနဲ့ ခြိမ်းခြောက်မှုတွေ သိသိသာသာမြင့်တက်လာခဲ့ပြီး ရိုဟင်ဂျာကလေးတွေအတွက် ဖွင့်ထားတဲ့ ကျောင်း အနည်းဆုံး ကိုးကျောင်းလည်း ပိတ်ထားရပါတယ်။

မလေးရှားဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိသလို ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်နဲ့ အစိုးရကျောင်းတက်ခွင့် မပေးထားပါဘူး။ ဖေဖော်ဝါရီလကုန်အထိ UNHCR မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၆၀၀ ခန့်ရှိပြီး ထက်ဝက်ကျော်ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဖြစ်ပါတယ်။

Related News

Most Read