ဩဂုတ် ၅၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ထားတဲ့ ဒုက္ခသည် ၅,၀၀၀ ဟာ ပြန်ရောက်ချိန်မှာ ဖိနှိပ်ခံရနိုင်တာ ဒါမှမဟုတ် အသက်အန္တရာယ်ရှိနိုင်တယ်လို့ စစ်ဆေးတွေ့ရှိရင် ပြန်လည်ပို့ဆောင်မှာ မဟုတ်ဘူးလို့ မလေးရှားအစိုးရက ပြောပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ပြန်ပို့မယ့်သူတွေကို ရွေးချယ်နိုင်ဖို့ အစီအစဉ်ကို လက်ရှိစိစစ်နေပြီး မြန်မာဘက်နဲ့ ဆွေးနွေးရမယ့် အချက်တွေရှိနေသေးတယ်လို့ ဆက်သွယ်ရေးဝန်ကြီးနဲ့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဖာမီ ဖက်ဇီလ်က ဩဂုတ် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“မလေးရှားဟာ တာဝန်ရှိတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ သူတို့ ဖိနှိပ်ခံရမယ် ဒါမှမဟုတ် အသက်အန္တရာယ်ရှိမယ်ဆိုရင် မြန်မာဒုက္ခသည် ၅,၀၀၀ ကို ပြန်ပို့မှာ မဟုတ်ပါဘူး” လို့ ဖာမီက ပြောပါတယ်။
စစ်အုပ်စုက ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့်ရှိတယ်လို့ ပြောထားပေမယ့် ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ပြန်ပို့မယ်ဆိုတာကို မလေးရှားဘက်က စိစစ်ပြီးမှ သင့်လျော်ရင် အကောင်အထည်ဖော်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြန်ပို့ဖို့ စီစဉ်ထားသူ ၅,၀၀၀ ဟာ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ပြီး ဒေသခံလူမှုအသိုင်းအဝိုင်းတွေနဲ့ တင်းမာမှုတွေ မြင့်တက်လာတာကြောင့် အခုလို စီစဉ်တာဖြစ်တယ်လို့ အစောပိုင်းမှာ ပြောထားပါတယ်။
မကြာသေးခင်က မလေးရှားနိုင်ငံတဝန်းက ရိုဟင်ဂျာဒုက္ခသည်စာသင်ကျောင်းတွေ ပိတ်ခဲ့ရပြီး ကလေးငယ်အများအပြား ခြိမ်းခြောက်နှောင့်ယှက်ခံရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပီနန်ပြည်နယ်မှာလည်း ရိုဟင်ဂျာဒုက္ခသည်တချို့ နေအိမ်ကနေ နှင်ထုတ်ခံခဲ့ရပြီး ကွာလာလမ်ပူရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့ သွားရောက်အကူအညီတောင်းချိန် ခေတ္တဖမ်းဆီးခံခဲ့ရပါတယ်။
Human Rights Watch ကတော့ မြန်မာနိုင်ငံပြန်ရင် ဖိနှိပ်မှုနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့နိုင်တာကြောင့် ဒုက္ခသည်တွေကို ပြန်ပို့မယ့်အစီအစဉ် ဖျက်သိမ်းဖို့ မလေးရှားအစိုးရကို တောင်းဆိုထားပါတယ်။
မလေးရှားအစိုးရအနေနဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှု ပစ်မှတ်ဖြစ်နေသူတွေကို အတင်းအကျပ်ပြန်ပို့မယ့်အစား မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒေသတွင်းဦးဆောင်မှု ပြသသင့်တယ်လို့ Human Rights Watch ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Bryony Lau က ပြောပါတယ်။

