ဩဂုတ် ၅၊ ၂၀၂၆ | New Day Myanmar
ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ အောင်သိုက်ကန်ဘုန်းကြီးကျောင်းမှာ အရက်မူးပြီး ဓားကိုင်သောင်းကြမ်းနေတဲ့ ဘုန်းကြီးတစ်ပါးကို ဝင်ရောက်ဖြန်ဖြေရာက ကျောင်းထိုင်ဆရာတော် ဓားနဲ့ခုတ်ခံရပြီး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ ဩဂုတ် ၄ ရက် ည ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးမာဏိတ (ခေါ်) မျိုးဇော်ဟာ အရက်မူးကာ ထင်းခုတ်ဓားကိုင်ပြီး သောင်းကြမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ သက်တော် ၇၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသက ဝင်ရောက်ဖြန်ဖြေခဲ့ရာ ဓားနဲ့ အခုတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဆရာတော်ဟာ ဦးခေါင်း၊ လည်ပင်း၊ ပခုံးနဲ့ လက်တို့မှာ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဒဏ်ရာပြင်းထန်တာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ဆက်လက်လွှဲပြောင်းပို့ဆောင်စဉ် ဩဂုတ် ၅ ရက် မနက် ၂ နာရီခွဲခန့်မှာ လမ်းခရီးအတွင်း ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။
ဓားနဲ့ခုတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဦးမာဏိတ (ခေါ်) မျိုးဇော်ကို မြို့နယ်သံဃနာယကအဖွဲ့က လူဝတ်လဲစေခဲ့ပြီးနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
အမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပေမယ့် သက်ဆိုင်ရာရဲတပ်ဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်ကိုတော့ မတွေ့ရသေးပါဘူး။

