၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရိုဟင်ဂျာတွေအပေါ် အစားအစာ၊ မြေယာ၊ အသက်မွေးဝမ်းကျောင်းနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခဲ့တာဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်နိုင်၊ မမြောက်နိုင်ဆိုတာကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ရတော့မယ်လို့ Lowy Institute က သုံးသပ်ထားပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအမှုကို ၂၀၂၆ ခုနှစ်အစောပိုင်းမှာ လူသိရှင်ကြားကြားနာမှုတွေ ပြီးဆုံးခဲ့ပြီး ICJ က အပြီးသတ်စီရင်ချက်ချဖို့ လက်ရှိမှာ စိစစ်သုံးသပ်နေပါတယ်။
ဒီအမှုမှာ အစာငတ်မွတ်မှုကို လက်နက်တခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးပြုတာကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ICJ က သတ်မှတ်ခဲ့ရင် နိုင်ငံတကာလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာဥပဒေအတွက် အရေးပါတဲ့ စံနမူနာတခု ဖြစ်လာနိုင်တယ်လို့ Lowy Institute က ဇူလိုင် ၂၈ ရက်မှာ ဖော်ပြပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် ပုဒ်မ ၂ (ဂ) မှာ လူမျိုးစုတစုလုံး ဒါမှမဟုတ် တစိတ်တပိုင်း ရုပ်ပိုင်းဆိုင်ရာပျက်စီးသွားစေဖို့ ရည်ရွယ်ပြီး အသက်ရှင်နေထိုင်နိုင်တဲ့ အခြေအနေတွေကို တမင်ဖန်တီးတာကို တားမြစ်ထားပါတယ်။
ဒါကြောင့် လူမျိုးတုံးသတ်ဖြတ်မှုဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတမျိုးတည်းကိုသာ ဆိုလိုတာမဟုတ်ဘဲ လူမျိုးစုတစု အသက်ရှင်ရပ်တည်လို့မရအောင် အစားအစာ၊ မြေယာနဲ့ အသက်မွေးဝမ်းကျောင်းအခြေအနေတွေကို စနစ်တကျဖျက်ဆီးတာလည်း အကျုံးဝင်နိုင်ပါတယ်။
မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုအကျပ်အတည်းတခု ဖြစ်ပေါ်စေရုံသာမက ရိုဟင်ဂျာတွေရဲ့ အသက်ရှင်ရပ်တည်နိုင်မှုအခြေခံတွေကို တဖြည်းဖြည်းဖျက်ဆီးတဲ့ စနစ်တခု တည်ဆောက်ခဲ့တယ်လို့ Lowy Institute က သုံးသပ်ထားပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကြောင့် ရိုဟင်ဂျာတွေ နိုင်ငံမဲ့ဖြစ်လာပြီး ဥပဒေရေးရာအကာအကွယ်နဲ့ မြေယာပိုင်ဆိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရပါတယ်။ သွားလာခွင့်ကန့်သတ်တာ၊ ခရီးသွားခွင့်တွေကို ထိန်းချုပ်တာ၊ စစ်ဆေးရေးဂိတ်တွေထားတာ၊ ငါးဖမ်းနဲ့ စိုက်ပျိုးရေးလုပ်ခွင့် ပိတ်ပင်တာအပြင် စိုက်ပျိုးရေးသုံးပစ္စည်းတွေ သိမ်းယူတာကြောင့် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ တဖြည်းဖြည်းပျက်စီးခဲ့ပါတယ်။
၂၀၁၂ ခုနှစ် အကြမ်းဖက်မှုတွေနောက်ပိုင်း ရိုဟင်ဂျာ ၁၂၈,၀၀၀ ကျော်ကို စခန်းတွေမှာ ပိတ်လှောင်ထားပြီး လူသားချင်းစာနာမှုအကူအညီတွေအပေါ် လုံးဝနီးပါး မှီခိုရတဲ့အခြေအနေကို ရောက်ရှိစေခဲ့ပါတယ်။
၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခဲ့ရပြီးနောက် အာဏာပိုင်တွေက စွန့်ပစ်ခဲ့ရတဲ့ လယ်ယာတွေက သီးနှံတွေကို ရိတ်သိမ်းကာ ရရှိတဲ့ငွေတွေကို နိုင်ငံတော်ဘဏ္ဍာထဲ ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေရဲ့ မြေယာတွေကို “ပိုင်ရှင်မဲ့မြေ” လို့ သတ်မှတ်ပြီး တခြားသူတွေကို ငှားရမ်းတာနဲ့ အခြေချနေထိုင်ရာအသစ်တွေ တည်ဆောက်တာဟာ အိုးအိမ်စွန့်ခွာရမှုကို အမြဲတမ်းမြေယာဆုံးရှုံးမှုအဖြစ် ပြောင်းလဲခဲ့တယ်လို့ သုံးသပ်ထားပါတယ်။
ဂမ်ဘီယာနိုင်ငံက ဒီအမှုကို တရားဝင်အငတ်ဘေးကြေညာချက် ဒါမှမဟုတ် စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ နည်းပညာသတ်မှတ်ချက်တွေအပေါ် အခြေခံထားတာမဟုတ်ဘဲ ရိုဟင်ဂျာတွေရဲ့ “အသက်ရှင်နေထိုင်နိုင်တဲ့ အခြေအနေတွေ” ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းအပေါ် အခြေခံထားပါတယ်။
တရားဝင်အငတ်ဘေးကြေညာပြီးမှသာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အရေးယူမယ်ဆိုရင် အစိုးရတွေဟာ လူသားချင်းစာနာမှုအကူအညီတွေ ပိတ်ဆို့တာ၊ သက်သေအထောက်အထားတွေ ဖုံးကွယ်တာနဲ့ လွတ်လပ်တဲ့စောင့်ကြည့်မှုကို တားဆီးတာတွေပြုလုပ်ပြီး တာဝန်ယူမှုကနေ ရှောင်လွှဲနိုင်တယ်လို့ Lowy Institute က ထောက်ပြပါတယ်။
ICJ က လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် ပုဒ်မ ၂ (ဂ) ကို ဒီအမှုမှာ အပြည့်အဝအဓိပ္ပာယ်ဖွင့်ဆိုခဲ့ရင် ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေးသာမက အစာငတ်မွတ်မှုကို လက်နက်အဖြစ် အသုံးပြုတဲ့ ကမ္ဘာတဝန်းက အလားတူပြစ်မှုတွေကို အရေးယူရာမှာပါ အရေးကြီးတဲ့ ဥပဒေစံနမူနာ ဖြစ်လာနိုင်ပါတယ်။


